ယင်းမာပင် ၂၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်အတွင်း ၊ သံသယလူနာများ တွေ့ရှိလာပါက ကူညီဆောင်ရွက်ပေးမည့် လူမှုရေးအသင်းကားနှင့် ဗော်လန်တီယာများ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဧပြီ ၂၀ ရက် ညနေ (၄)နာရီ က သင်္ဂဟလူမှုကူညီရေးအသင်းရုံးတွင် ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် လူမှုကူညီရေးအသင်းများ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးအောင်ဗိုလ်မြင့် က မြို့နယ်အတွင်း သံသယလူနာများရှိလာပါက ကူညီဆောင်ရွက်ပေးမည့် အသင်းကားများ၊ ဗော်လန်တီယာများ လိုအပ်ကြောင်းနှင့် ကူညီလုပ်ဆောင်ရွက်မည့် ဗော်လန်တီယာများအတွက် စနစ်တကျ ဖြစ်စေရန် လိုအပ်သည့်သင်တန်းများပေးပြီး PPE ဝတ်စုံနှင့် အခြားလိုအပ်ချက်များကိုလည်း ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ယင်းမာပင်မြို့နယ်အတွင်းမှ လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးအောင်ဗိုလ်မြင့် က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယရှိသူလူနာများ ရှိလာလျှင် ဗော်လန်တီယာအဖြစ် ကူညီဆောင်ရွက်လိုပါက ဦးအေးမင်းအောင် (ဖုန်း /၀၉-၄၀၀၄၀၅၂၀၃) ထံသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။
ရွှေစည်သား(ယင်းမာပင်)