မန္တလေး ၂၁ ဧပြီ
ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မန္တလေးခရိုင် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်း၍ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် မန္တလေးတောင်ခြေအနီးရှိ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းတွင် ဧပြီ ၂၁ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မန္တလေးတောင်ခြေအနီးရှိ ဘုန်းတော်ကြီးကျောင်းများ ဖြစ်ကြသည့် သိကြားဂူရိပ်သာ၊ ဖားအောက်တောရ၊ ပြည်အေးချောင်နှင့် ဇိနောဒယျကျောင်းများတွင် တစ်ကျောင်းလျှင် ဆေးရည်ပုံး ၁၂ ပုံးမှ ၁၅ ပုံးအထိ ဖျန်း၍ ရောဂါပိုးကူးစက်မှုမရှိစေရန် ကျောင်းတိုက် အတွင်း ပိုးသတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင်က ပြောသည်။

ထို့ပြင် အဆိုပါပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်၊ မဟာအောင်မြေမြို့နယ်ရှိ မြင်းဝန်မင်းကြီးကျောင်းတိုက်နှင့် ချမ်းမြသာစည်မြို့နယ် အတွင်းရှိ မြို့ဟောင်းဘူတာတို့တွင် မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့နှင့် တပ်မတော်သားများ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။
''ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေဖို့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေအနေနဲ့ ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းတွေကို ကျွန်တော်တို့ မီးသတ်ဦးစီးဌာနက ရှိသမျှ အင်အားအကုန်အသုံးပြုပြီး ဆောင်ရွက်ပေးနေသလို ပြည်သူတွေအားလုံးကလည်း ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်တွေ အတိုင်း ဒီရောဂါကို ကာကွယ်နိုင်ဖို့အတွက် အိမ်မှာပဲနေကြဖို့ တိုက်တွန်းလိုပါတယ် '' ဟု ၎င်းက ပြောသည်။
မန္တလေးခရိုင် ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများကို မြန်မာနိုင်ငံ၌ အဆိုပါ ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ ခရိုင်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲကာ လေးရက်လျှင် တစ်ကြိမ်နှုန်းဖြင့် မန္တလေးမြို့အတွင်းရှိ ရပ်ကွက်များ၊ ဈေးများ၊ ဆေးရုံများနှင့် အထင်ကရ နေရာများတွင် တပ်ဖွဲ့ဝင်အင်အားများဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)