နေပြည်တော် ၂၁ ဧပြီ
နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ဆန်ဖူလုံမှုရှိနေသည့်အတွက် စိုးရိမ်စရာမရှိပါကြောင်း၊ ပိုလျှံသည့်ဆန်များကို ပြည်ပသို့တင်ပို့လျက်ရှိရာ ပို့ကုန် လုပ်ငန်းရှင်များထံမှ ပြည်ပတင်ပို့သည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် တန်ချိန် (၅၀၀၀၀) ဝယ်ယူရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီအနေဖြင့်လည်း တန်ချိန် (၁၂၀၀၀)ဝယ်ယူရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အရန်ရိက္ခာအဖြစ် ဝယ်ယူရန်အတွက် ခွင့်ပြုရန်ပုံငွေလည်း ရရှိပြီးဖြစ်ကြောင်း၊ ယခု အစည်းအဝေး မတိုင်မီကတည်းကပင် အရန်ရိက္ခာထားရှိရေးနှင့် ပတ်သက်၍ အသင်းအဖွဲ့များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အရန်ရိက္ခာအဖြစ် ဝယ်ယူရာတွင် သင့်လျော်သည့်ဈေးနှုန်း၊ သင့်လျော်သည့် အရည်အသွေးရှိစေရန်နှင့် သိုလှောင်ရာတွင် လေလွင့်ပျက်စီးမှုမရှိစေရန် ဆောင်ရွက်မည့် အသေးစိတ် အခြေအနေများကို အသင်းအဖွဲ့များမှ ညှိနှိုင်းဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့များနှင့် ယခင်ကတည်းကပင် အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးတိုင်ပင်ခဲ့ပါကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တားမြစ်ကုန်စည်များကို ထုတ်ပြန်ကြေညာ ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အရန်ရိက္ခာအဖြစ် ဆန်တန်ချိန် (၅၀၀၀၀) နှင့် စားအုန်းဆီ တန်ချိန် (၁၂၀၀၀) ဝယ်ယူနိုင်ရေး စီမံချက်တင်ပြ ဆောင်ရွက်ခဲ့ပါကြောင်း၊ အရန်ရိက္ခာအဖြစ် ဝယ်ယူရန် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကုန်သည် လုပ်ငန်းရှင်အသင်းအဖွဲ့များမှ အရန်ရိက္ခာများကို ဝယ်ယူရန် ဈေးနှုန်း၊ သိုလှောင်မည့်နေရာ၊ ဖြန့်ဖြူးမည့် အစီအစဉ်များအတွက် အကြံဉာဏ်များ တင်ပြဆွေးနွေးပေးရန် ဖြစ်ပါကြောင်း၊ ပြည်တွင်းတွင် ဆန်ဖူလုံမှုရှိနေသည့် အတွက် ဆန်အတွက် စိုးရိမ်စရာမရှိပါကြောင်း၊ ပြည်ပတင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင် စမ်းသပ်မှု လုပ်ငန်းလီမိတက်တို့မှ တာဝန်ရှိသူများက အရန်ရိက္ခာဝယ်ယူမည့် ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းရန်ကိစ္စများ၊ ဝယ်ယူမည့်ဈေးနှုန်းနှင့် အရည်အသွေးသတ်မှတ်ချက်များ၊ ထားရှိသိုလှောင်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်


