နမ့်ဆန် ၂၁ ဧပြီ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက် ၁၀ နာရီက ပင်စင်လစာထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသူများအား Mask တပ်ဆင်လာခြင်းမရှိပါက Mask များပေးခြင်း၊ လက်ဆေးဘေစင်တွင် လက်ဆေးစေခြင်း၊ ရောဂါကူးစက်မှု မရှိစေရန် ဆောင်ရန်/ရှောင်ရန် နည်းလမ်းကောင်းများကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဘဏ်ထဲတွင် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာထိုင်စေပြီး စောင့်ဆိုင်းစေခြင်း၊ လူ(၁၀)ဦးခွဲ၍ စနစ်တကျ ထုတ်ယူခွင့်ပြုခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်လစာများ ထုတ်ယူလျက်ရှိသော ပင်စင်စားများကို ယခင်က လစဉ် ၂၁/၂၂/၂၃ ရက်များတွင်သာ ထုတ်ပေးပြီး ဧပြီ ၂၁ ရက်မှ လမကုန်မှီ နေ့စဉ် ဘဏ်ဖွင့်ရက် များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)