သထုံ   ၂၁   ဧပြီ     

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားပြည်သူများ ယနေ့ နံနက်မှစတင်ကာ ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိပြီး လူစုလူဝေးများ မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

"ပင်စင်စားတွေ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ဖို့အတွက် ဘဏ်အတွင်း/အပြင်အားလုံးကို ပိုးသတ်ဆေး ဖျန်းထားပြီးတော့ လက်ဆေးဖို့ Mask တပ်ပြီးမှဝင်ဖို့ စီစဉ်ထားတယ်။ လူစုလူဝေးမဖြစ်ဖို့ အနားယူမယ့် နေရာလုပ်ထားသလို ခုံတွေကို ၃ ပေအကွာစီ ချထားပေးပါတယ်။ ဘဏ်ထဲကိုတော့ တစ်ကြိမ်ကို ၅ ယောက်စီပဲ ပေးဝင်ပါတယ်" ဟု ခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ခင်မိုးမိုးက ပြောသည်။

 

ထို့ပြင် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဆောင်ရွက်ပေးပြီး ရဲတပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးအတွက် ကြပ်မတ်ဆောင်ရွက်နေကြောင်း ခရိုင်ဘဏ်မန်နေဂျာက ပြောသည်။

 

သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားအရေအတွက် ၄၁၈၂ ဦးရှိပြီး ဧပြီ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်နှင့် ကာကွယ်ရေးပင်စင်တို့ကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများကလည်း ဘဏ်ဖွင့်ရက်များ၌ လာရောက်ထုတ်ယူနိုင် ကြောင်း သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

 

သက်ဦး(သထုံ)