၂၂ ဧပြီ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပေါ်ထွက်လာခဲ့သည့် ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့ သွားခဲ့ပြီးနောက် လေးလခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မူလစတင်ခဲ့ရာ တရုတ်နိုင်ငံ၌ပင် ပြည်ပမှ ဝင်ရောက် လာသူများနှင့်အတူ ရောဂါပိုးမွှား ပြန်လည် ဝင်ရောက်လာသည့်အခြေအနေတို့နှင့် ရင်ဆိုင်နေကြရသည်။ ကမ္ဘာ့ နိုင်ငံ များစွာတို့တွင်လည်း ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ဝင်ထွက် သွားလာမှုများကို ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ကြရသည့်အတွက် စီးပွားရေး၊ လူမှုရေး စသည်တို့၌ ထိခိုက်ခံစားလာကြရသည့်အခါ ရေရှည်တွင် ပြည်သူများအတွင်း မကျေနပ်မှုများ ပေါ်ပေါက်လာပြီး တားဆီး ပိတ်ဆို့မှုများကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုမှုများ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။

မိမိတို့နိုင်ငံအနေဖြင့်မူ အခြားကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အတော်ပင်နောက်ကျပြီးမှ ရောဂါပိုး ဝင်ရောက်ကူးစက်လာမှုကို တွေ့ရှိရပြီး ယခုတစ်လခန့်ကြာမြင့်လာချိန်တွင် ရောဂါအတည်ပြု လူနာ ၁၂ဝ ကျော်၊ အဖိတ်အစဉ် ငါးဦးခန့်နှင့် ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးကို တစ်နိုင်ငံလုံးတွင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေရသည့် အခြေအနေဖြစ်သည်။ လက်ရှိအချိန်တွင် ရောဂါအတည်ပြု လူနာများအား ဆေးရုံတွင် ကုသမှုနှင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်မှုတို့ကို ဦးစားပေးလုပ်ကိုင်နေပြီး တစ်ချိန်တည်းမှာပင် အိမ်နီးချင်းနိုင်ငံများမှ မိမိနိုင်ငံသားများ ပြန်လည်ဝင်ရောက်မှုများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှု များ ပြုလုပ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရပ်တန့်နိုင်ပြီး မြန်မာ့မြေပေါ်တွင် ရောဂါကင်းစင် ပပျောက် သွားနိုင်ရေးအတွက် အချိန်ကာလတစ်ရပ်ကို ဖြတ်သန်းကြရဦးမည် ဖြစ်ရာယင်းကာလအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ် အခြေအနေအားလုံး အတွက် ကြိုတင်တွက်ဆ ပြင်ဆင်ကြရမည် ဖြစ်သည်။

ပြည်သူများအကြား ရေရှည်တွင် ဖြစ်ပေါ်လာမည့် စိုးရိမ်ပူပန်မှုမှာ နိစ္စဓူဝ ဖြေရှင်းနေကြရသည့် ဝမ်းရေးပင်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ကြောင့်ကြမှုရှိကြသည့်တိုင် နေ့စဉ်ဘဝများတွင် ဝမ်းစာရေးကသာ ပထမဦးစားပေးဖြစ်သည့်အလျောက် စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး စသည်တို့ကို ရောဂါကူးစက်မှု ကာကွယ်ရေး အစီအမံများနှင့်အတူ ကာလတစ်ရပ်တွင် ပြန်လည် စတင်ကြရမည်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၂ဝ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က covD-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများနှင့် တွေ့ဆုံ၍ လက်တွေ့ အခြေအနေများအား အပြန်အလှန်ဆွေးနွေးရာတွင် “ဝမ်းစာရေး၊ စားဝတ်နေရေးအတွက် ဖြစ်ပေါ်နေသည့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို နိုင်ငံတော်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ရာ ပြည်သူအများအားတက်ဖွယ်ရာ၊ နွေအပူတွင်းက အေးမြသည့် လေညင်းသဖွယ် ဖြစ်ခဲ့သည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလနှင့် ဆက်စပ်လျက် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်နိုင်ရေးအတွက် ပိတ်ထားရသည့် စက်ရုံအလုပ်ရုံများတွင် ရောဂါကာကွယ်ရေး တိကျသေချာသော အစီအမံများ ဆောင်ရွက် ထားမှုနှင့်အတူ လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်လည်ဖွင့်လှစ်သွားနိုင်ကြမည်ဟု မျှော်လင့်မိသည်။ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ အလုပ်ရှင်၊ အလုပ်သမားများ ဝိုင်းဝန်းကြိုးပမ်းကြခြင်းအားဖြင့် ရောဂါကိုလည်း ကာကွယ်လုပ်ငန်းကိုလည်း လည်ပတ်နိုင်ကာ ကုန်ထုတ်လုပ်မှု ယန္တရားများ ပြန်လည်နိုးထလာမှုနှင့်အတူ စားဝတ်နေရေးအတွက် ပူပန်ရမှုများလည်း လွင့်ပျောက်ကင်းစင်နိုင်ကြမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ အမြို့မြို့ အနယ်နယ်ရှိ ဈေးများတွင် ယာယီဈေးများခွဲထုတ်ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အစီအမံများနှင့်အညီဈေးရောင်း ဈေးဝယ်မပျက် ဆောင်ရွက်ကြခြင်းဖြင့် ရောင်းသူ ဝယ်သူအားလုံး အဆင်ပြေ ကြရသည်မှာ နမူနာတစ်ရပ်ပင်ဖြစ်သည်။

ပြည်သူတစ်ဦးချင်းစီက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် မိမိကိုယ်ကိုယ်ကောင်းစွာ ကာကွယ်ရန် မမေ့မလျော့မပေါ့ဆခြင်းကသာ ကူးစက်မြန်ကပ်ရောဂါကို အကောင်းဆုံးတုံ့ပြန်နိုင်သည့် အသေချာဆုံး ကာကွယ်ဆေးဝါးဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း