၂၂ ဧပြီ

သင်္ကြန်ရုံးပိတ်ရက်ကာလပြီးဆုံးသည့် ဧပြီလ ၂၁ ရက်နေ့မှစတင်၍ ရန်ကုန်မြို့ရှိ ပြည်သူများသည် မိမိတို့၏ လုပ်ငန်းခွင်များသို့ တဖွဲဖွဲဝင်ရောက်လာကြသည်။ ပြည်သူများအနေဖြင့် ရုံးပိတ်ရက်ရှည် အလုပ်မဆင်းရသည့် ရက်များမှသည် လုပ်ငန်းခွင်သို့ဝင်ရောက်ရေးကိုသာ ဆန္ဒစောနေကြသည်။ အမှန်တွင် ပြီးခဲ့သည့်ရက်များမှာ အများပြည်သူရုံးပိတ်ရက်ဖြစ်သလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသောအချိန်အခါဖြစ်၍ လူစုလူဝေး မနေရန်၊ မိမိတို့၏နေအိမ်တွင်သာနေထိုင်ရန် ရပ်ရွာအလိုက် ဒေသန္တရအမိန့်များဖြင့် တားမြစ်ထားဆဲဖြစ်သည်။

သို့သော် ရောဂါကူးစက်မှုဘေးအန္တရာယ် ကြီးမားသည်မှာ မှန်သော်လည်း၊ လိုက်နာရမည့် အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာရမည်မှာ မှန်သော်လည်း မိမိတို့၏စားဝတ်နေရေးနှင့် အလုပ်အကိုင်ဝင်ငွေရရှိရေးအတွက် ရောဂါဘေးကိုအန်တုပြီး အရဲစွန့်ကာ သွားလာလုပ်ကိုင်နေကြသည့် အချို့ပြည်သူများကို ရန်ကုန်မြို့ ကန့်သတ်မြို့နယ် ခုနစ်မြို့နယ်မှလွဲ၍ မြင်တွေ့ခဲ့ရသည်။

ယခု မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ ရောဂါကူးစက်သူ ၁၂၁ ဦး ရှိပြီး လူဦးရေအထူထပ်ဆုံး၊ အလုပ်အကိုင်အများဆုံး ရန်ကုန်မြို့တွင် အများဆုံးကူးစက်ခံရသည်။ ယခုရောဂါဖြစ်မှုသည် မတ်လနှင့် ဧပြီလ အစောပိုင်းက ထိတွေ့မှုများကြောင့် ရောဂါကူးစက်ဖြစ်ပွားရခြင်းဖြစ်ပြီး ရောဂါကူးစက်မှု မတိုးပွားရန်အတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန် ပြီး တားဆီးကာကွယ်နေရသည်။

အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်သည်ဆိုရာ၌ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူများအပေါ်၌ မေတ္တာ၊ စေတနာထားကာ ငဲ့ညှာထောက်ထားသောအားဖြင့် အဖြစ်နိုင်ဆုံး ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူများ အပေါ်တွင် တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် မပြုလုပ်ပေ။ ပြည်သူသာလျှင် အဓိကဖြစ်၍ ပြည်သူ ပြည်သားများ အနေဖြင့် အသိစိတ်ဓာတ်ရှိစွာ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းသည့် သဘောဖြစ်သည်။

ယခုရောဂါကူးစက်ခံရသူ ၁၂၁ ဦးမှာ အစောပိုင်းကာလထိတွေ့မှုများ ကြောင့်သာဖြစ်ပြီး ယခုနောက်ပိုင်း ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုအားနည်းပါက လာမည့်ရက်သတ္တပတ်များတွင် ရောဂါကူးစက်မှု ယခုထက်ဆတိုးများပြားလာမည်ကို သတိချပ်ရမည်ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းရှင်များ အနေဖြင့်လည်းကောင်း၊ အလုပ်လုပ်ကြမည့်သူများ အနေဖြင့်လည်းကောင်း မိမိတို့၏ လက်ရှိအရေးထက် လာမည့်အရေးသည် ပိုမိုအရေးကြီးကြောင်း သတိပြုကြရမည် ဖြစ်သည်။

ယခုအခါ နယ်ဒေသများတွင် ညွှန်ကြားချက်နှင့်အညီ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို စိတ်ချမ်းမြေ့ဖွယ်မြင်တွေ့ ရပါသည်။ အချို့နေရာဒေသများတွင် ညွှန်ကြားချက်ကို အလေးမမူဘဲ သွားလာ လုပ်ကိုင်နေကြသည်ကို စိုးရိမ်ဖွယ်တွေ့ရသည်။ လက်ရှိတွင် ရောဂါရှိသူနှင့်ထိတွေ့မှုကြောင့် ကူးစက်ခံရခြင်းများ ရှိသလို ရောဂါရှိသူနှင့် မထိတွေ့ဘဲ ကူးစက်ခံရသူများရှိလာသည်မှာ စိုးရိမ်ဖွယ်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးရှိသူများမှ ရောဂါပိုးစွန့်ထုတ်သည့်ကာလမှာ ရောဂါလက္ခဏာမပြမီ နှစ်ရက်မှ ရောဂါလက္ခဏာပြပြီး ၂၈ ရက်နေ့အထိ၊ ရှိကြောင်းနှင့် အဆိုပါကာလအတွင်း အခြားသူများသို့ ရောဂါဖြန့်ဝေ ပေးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။ ယခုအခါ ဆေးရုံများ၌ ကိုဗစ်-၁၉ လူနာများအား ကုသမှုနှင့် လူနာများကို ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်းကို ပထမဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက် လျက်ရှိသည်။ လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်နေဆဲတွင် ထိတွေ့ခဲ့သူမှတစ်ဆင့် အခြားသူများ အဆင့်ဆင့်သို့ ထပ်မံထိတွေ့ခဲ့ပါက ကြီးမားကျယ်ပြန့်သောပြဿနာ ဖြစ်လာနိုင်သည်။ ။

သို့ဖြစ်ရာ ပြည်သူအားလုံးအနေဖြင့် မိမိတို့၏ စားဝတ်နေရေး အရေး ကိစ္စများသည် အရေးကြီးသည် မှန်သော်လည်း ယင်းအတွက် မိမိတို့လှုပ်ရှား သွားလာလုပ်ကိုင်ရင်းဖြင့် ရောဂါရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့မည် ဆိုပါက ရောဂါဘေးအန္တရာယ်ကျယ်ပြန့်လာနိုင်သောကြောင့် နှာခေါင်းစည်းအုပ်ခြင်း၊ လက်ဆေးခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းနှင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ရောဂါကူးစက်မှုကို ကာကွယ်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ