ပြင်ဦးလွင် ၂၂ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) နှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်၉ နာရီခွဲက အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် နိုင်ငံတော်အစိုးရ၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် လူစု၊ လူဝေးများ မပြုလုပ်ရန်၊ ကျန်းမာရေးကို အထူးဂရုပြုနေထိုင်ရန်၊ တစ်မျိုးသားလုံး ကျန်းမာအောင် မိမိတို့နေအိမ်တွင် နေထိုင်ရန် ဆွေးနွေးပြောကြားသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်က ပြည်သူများအားလုံး တက်ညီလက်ညီဖြင့် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာရန်၊ သံသယလူနာများရှိလာပါက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ဆောင်ရွက်နိုင်ရန် နှင့်သက်ဆိုင်ရာသို့ အမြန်ဆက်သွယ်ရန်၊ ပြည်သူများအနေဖြင့် မိမိတို့အရပ်ဒေသတွင် ကျန်းမာရေးသတိဖြင့် နေထိုင် သွားလာရန် နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် (Facility Quarantine) များ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးသည်။
ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာချစ်ထူးက ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သတ်၍ မြို့နယ်ပြည်သူ့ဆေးရုံးကြီးတွင် ဆောင်ရွက်ထားရှိသည့် ကျန်းမာရေး ဝန်ထမ်းများအကြောင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအကြောင်း၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်၊ တာဝန်ခံ ဦးဝေမျိုးအောင်က ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး နှင့် ကူးစက်မှု မရှိစေရေး တာဝန်ရှိသူများနှင့် ပြည်သူအားလုံးပါဝင်လက်တွဲမှသာ ကိုဗစ်- ၁၉ ရောဂါကပ်ဆိုးကြီးမှ လွတ်မြောက်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ် အတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြိုဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဇော်မျိုးထိုက် (ပြန်/ဆက်)


