ဝမ်းတွင်း ၂၂ ဧပြီ
မန္တလေးတိုင်းဒေသကြီး မိထ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ခွင့်ပြုရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ များဖြင့် ထီးလှိုင်ကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာ၌ အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦးနှင့် ဝန်ထမ်းများမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆည်ရွာကျေးရွာ၌ အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း အရှည် ပေ ၁၀၀၀ ၊ အကျယ် ၂ ပေ၊ ထု ၂ ပေ ၆ လက်မအား ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေကျပ် ၁၀ သန်း၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေကျပ် ၃ ဒသမ ၄ သန်းတို့ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာ အကူအညီ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် မတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦး က ပြောပြ၍ သိရသည်။
ငြိမ်းသူ(စလင်း)


