မိုးညှင်း ၂၂ ဧပြီ

 

ကချင်ပြည်နယ် မိုညှင်းမြို့ မြို့နယ်အားကားကွင်းတွင် ဧပြီ ၂၁ ရက် ညနေ ၄ နာရီခန့်က မြို့ပေါ်စည်ပင်သာယာဈေး အမှတ်(၁)ဈေးနှင့် အမှတ်(၂)ဈေးတို့မှ ဈေးရောင်းချသူများအတွက် ယာယီပျံကျဈေးအဖြစ် နေရာများကို တာဝန်ရှိသူများက စနစ်တကျ မဲစနစ်ဖြင့် ယာယီဆိုင်ခန်းများကို ချပေးခဲ့သော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ယာယီဈေးရောင်းချမှုကို ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။

 

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ Covid-19 အန္တရာယ် ကင်းဝေး‌စေနိုင်ရန်အတွက် ယာယီဈေးဆိုင်ခန်းများကို အဆိုပါဘောလုံးကွင်းတွင် အကွက်ချဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၁ ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်း၍ ဆိုင်ခန်းအကွက်ချနေရာများ ပျက်စီးခဲ့သဖြင့် ဘောလုံးကွင်းအတွင်း၌ ပျက်စီးမှုများရှိကာ တာဝန်ရှိသူများက ဈေးရောင်းချမှုကို‌ ယာယီရပ်နားခဲ့သည်။

 

“လူတိုင်း စည်းကမ်းလိုက်နာမှဖြစ်မှာပါ။ စေတနာနဲ့ သတိပေးမိတာပါ။ ဘောလုံးကွင်းက အကျယ်ကြီးပါ။ ဈေးသည်အားလုံးအတွက် ဆိုင်ခန်းတွေ နေရာချပေးမှာပါ။ ကိုဗစ်အန္တရာယ်အတွက် လူ(၅)ဦးထက် ပိုမစုသင့်ပါဘူး။ ကိုယ်ကစကူးရင် ကိုယ့်မိသားစုအားလုံးကို ကူးစက်နိုင်ပါတယ်”ဟု မိုးညှင်းမြို့မှ  ဒေါ်မုန်းမုန်းမင်းက ပြောသည်။

 

“ဘောလုံးကွင်းထဲမှာ ယာယီဈေးရောင်းချဖို့ဆိုတာ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများရဲ့ ခွင့်ပြုချက်တွေကြောင့် အခုလို ဆိုင်ခန်းတွေကို ယာယီချပေးခဲ့တာပါ”ဟု မိုးညှင်းခရိုင် အား/ကာမှူး ဒေါ်သက်သက်မာက ပြောသည်။

 

“မနေ့က ဧပြီ ၂၁ ရက်နေ့က တိုက်ခတ်လိုက်တဲ့ လေပြင်းကြောင့် အားကစားရုံအနောက်ဘက် အပေါ်မိုးကာတွေ လှန်ခဲ့ပါတယ်။ အပြင်အိမ်သာတစ်လုံးလည်း ပျက်စီးခဲ့တယ်။ အားကစားကွင်းအတွင်းက အတွင်းဂိုးတိုင်တွေ၊ သစ်သားနဲ့ပြုလုပ်ထားတဲ့ အတက်အဆင်းလှေကားလည်း ကျိုးကျပါတယ်။ အရန်အားကစားသမားထိုင်ခုံတွေ လဲကျခဲ့ပါတယ်။ အား/ကာဝင်အး‌ရှေ့က ဆိုင်းဘုတ်၊ ကြော်ငြာဆိုင်းဘုတ်တွေ ပြုတ်ကျပျက်စီးခဲ့ပါတယ်။ ရုံး‌ရှေ့ကသစ်ပင်လည်းကျိုးပြီး ရုံးနဲ့ချိတ်ဆက်ထားတဲ့ မီးကြိုးပေါ် ကျိုးကျခဲ့ပါတယ်” ဟု ၎င်းကဆက်လက်‌ပြောခဲ့သည်။

 

ထိုကဲ့သို့ ဆိုင်ခန်းများကို စနစ်တကျ နေရာချပေးထားနိုင်သော်လည်း အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူ့အားကစားဘောလုံးကွင်းမှ ဆိုင်ခန်းများကို ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။

 

နီတိုး