ရန်ကုန် ၂၂ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီက လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ ကိုဗစ်-၁၉ ကျန်းမာရေးစင်တာ တည်ဆောက်နေမှုများ အမြန်ဆုံးပြီးစီးရေး ကျန်းမာရေးစင်တာ ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများနှင့် ဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ပြည်သူများအကြား ကိုဗစ်-၁၉ ဆက်လက်ပြန့်ပွား ကူးစက်မှုမရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေသော်လည်း အကယ်၍ ကူးစက်မှုများပြားလာပါက အဆင်သင့် ကုသမှုပေးနိုင်အောင် ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးအား ကိုဗစ်-၁၉ ကုသမှုကျန်းမာရေးစင်တာအဖြစ် ထားရှိဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက စင်တာတွင် လာရောက်တာဝန် ထမ်းဆောင်ကြမည့် ဆရာဝန် သူနာပြုနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များ စောင့်ကြပ်ကြည့်ရှုပေးမည့် စေတနာ့ဝန်ထမ်းများ နေထိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အရေးပေါ်အသုံးပြုရန် မီးစက်များ ဆောင်ရွက်ထားရှိမှု၊ လူနာခန်းများတွင် CCTV များထားရှိပြီး အခန်းပြင်ပမှ လူနာနှင့် ဆက်သွယ်နိုင်ရေး၊ လူနာနှင့် လူနာမိသားစု အင်တာနက်ကွန်ရက်အသုံးပြုပြီး Video Call ခေါ်နိုင်ရန် အင်တာနက်ကွန်ရက် တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လိုအပ်နေသော UBS နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ ရရှိရေး၊ ယာဥ်ဝင်ခွင့်၊ လူဝင်ခွင့်များနှင့် ကျန်းမာရေးစင်တာသို့ တာဝန်ရှိသူမှလွဲ၍ အခြားသူများ ဝင်ရောက်ခြင်း တားမြစ်ဆောင်ရွက်မည့် လုံခြုံရေးအစီအမံ ဆောင်ရွက်ပြီးစီးမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က အားလုံးလက်တွဲ၍ ကိုဗစ်-၁၉ ကို ဝိုင်းဝန်းတိုက်ထုတ် အနိုင်ယူပြီး အောင်မြင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးပစ္စည်းများ သိုလှောင်ထားရှိသည့် အဆောင်၊ အထူးကြပ်မတ် ကုသဆောင်များနှင့် လူနာဆောင်များ ပြင်ဆင်ထားရှိမှုများ၊ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးမည့် မီးရှို့စက်တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ကျန်းမာရေးစင်တာတစ်ခုလုံးကို စီစီတီဗီ ကင်မရာများ တပ်ဆင်ပြီး ဖြန့်ကျက်ကြည့်ရှုနိုင်မည့် ကွန်ထရိုးစင်တာ ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ယင်းနောက် ကျန်းမာရေးစင်တာ (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ရတနာသိဃခန်းမတွင် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)