နေပြည်တော် ၂၂ ဧပြီ

 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ စတင်ဖြစ်ပွားလျက်ရှိရာ ဧပြီ ၂၀ ရက်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊  မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ နေအိမ်(၁)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။

 

အလားတူ ဧပြီ  ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၂၇)ခု၌ နေအိမ်(၁၅)လုံးနှင့် အခြားအဆောက်အဦ(၉)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၉၉၅)လုံး၊ ဘာသာရေးအဆောက်အဦ (၁၇)လုံး၊ စာသင်ကျောင်း (၁၄)ခု၊ အခြားအဆောက်အဦ(၂၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မိုးကြိုးထိမှန်၍ လူ(၁)ဦး သေဆုံး၊ (၁)ဦးဒဏ်ရာရခြင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၅)ခု၌ နေအိမ်(၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၂၁၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ နေအိမ်(၁)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။

 

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ တာဝန်ရှိသူများသည် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာနေရာများသို့ သွားရောက်ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းဖိုး စုစုပေါင်းငွေကျပ် သိန်းသုံးရာကျော် ထောက်ပံ့ထားရှိပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့နှင့်ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်