စစ်တွေ ၂၂ ဧပြီ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေ ၄ နာရီတွင် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးအတွက် ပြင်ဆင်ထားရှိမှုနှင့် ကျည်ထိဒဏ်ရာရပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး အဝင်ဝတွင် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ ဆေးရုံကြီးသို့ လာရောက်ကြသူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း၊ လက်ဆေးပြီးဆေရုံးအတွင်းသို့ ဝင်ရောက်စေခြင်းနှင့် နှာခေါင်းစည်းများတတ်ဆင်ပြီးမှ ဆေးရုံးအတွင်းသို့ ဝင်ရောက်ရန် အသိပညာပေးခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကွယ်ထိန်းချုပ်ကုသနိုင်ရန် သီးသန့်လူနာဆောင် (Confirmed Case) အမျိုးသား၊ အမျိုးသမီး လူနာ ၄၀ အတွက် ပြင်ဆင်ထားမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေဆေးရုံကြီး၌ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်များမှ ဒဏ်ရာရ လူနာများနှင့် ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ပို့ဆောင်ရန် သွားရောက်စဉ် ထိခိုက်ဒဏ်ရာရရှိသူ ကျန်းမာရေးကြီးကြပ် (၂)တို့အား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး တစ်ဦးလျှင် ထောက်ပံ့ငွေ တစ်သိန်းကျပ်စီ ထောက်ပံ့ပေးအပ်သည်။
စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ သံယလူနာပို့ဆောင်သည့် လမ်းကြောင်းနှင့် သာမာန်လူနာများပို့ဆောင်သည့် လမ်းကြောင်းများ ခွဲခြားထားပြီး သီးသန့်လူနာဆောင်မှာ အပေါ်ထပ် အောက်ထပ် နှစ်ထပ်ဆောင်ဖြစ်ကြောင်း သိရသည်။
အောက်ထပ်တွင် လူနာ ၂၀ နှင့် အပေါ်ထပ်တွင် ၂၀ ကုသနိုင်ရန်နေရာ ပြင်ဆင်ထားပြီး အောက်ထပ်တွင် ဖြစ်နိုင်ခြေများသည့် သံသယလူနာများကို ဓာတ်ခွဲအဖြေများပို့ပြီးမှ ပိုးတွေ့လူနာများကို အပေါ်ထပ်တွင် ထားမည်ဖြစ်သည်။
၎င်းအဆောင်တွင် ဆရာဝန်၊ ဆရာမများအတွက် တာဝန်ကျအခန်းများကို သီးသန့်ထားမည်ဖြစ်ပြီး PPE ဝတ်မည့်အခန်း၊ ချွတ်မည့်အခန်များကိုလည်း ပြင်ဆင်ထားသည်။ ၎င်းအပြင် လူနာနှင့် တာဝန်ကျသည့် ဝန်ထမ်းများနှင့် အခန်းခွဲထားကာ လူနာများနှင့် ဆရာဝန်၊ ဆရာမများ ထိတွေ့မှု မရှိနိုင်အောင် ပြင်ဆင်ထားသည်။
စစ်တွေဆေးရုံကြီးတွင် လက်ရှိ PPE ၁၅၀၀၊ အောက်ဆီဂျင် ဆလင်ဒါဖြည့်ပြီးသား အလုံး ၁၀၀၊ အောက်ဆီဂျင်ပေးစက် ၁၅ လုံးဖြင့် အသင့်စီစဉ်ထားပြီး ကိုဗစ်လူနာများ ရောဂါပြင်းပြင်းထန်ထန် ဖြစ်လာလျှင် အသက်ရှူစက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကပေးသည့် စက်တစ်လုံးနှင့် အလှူရှင်များက လှူတန်းထားသည့် စက်နှစ်လုံးအားလုံးပေါင်း အသက်ရှူစက် သုံးလုံးရှိသည်။
ထိုစက်များအား အပေါ်ထပ်၊ အောက်ထပ် ရွှေ့ပြောင်းနိုင်အောင်စီစဉ်ထားပြီး ဆရာဝန်၊ ဆရာမများအတွက် စောင့်ကြပ်ကြည့်ရှုရမည့် အခြေအနေရောက်လာပါက သီးသန့်စောင့်ကြည့်နိုင်ရန် ဝန်ထမ်းလူနှစ်ဆယ်ခန့်အတွက် ယခင်မျက်စိဆောင်အဟောင်းတွင် သီးသန့်စောင့်ကြည့်ရန် စီစဉ်ထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် အသင့်အနေအထားတွင် ဖြစ်နိုင်ရန် Fever conor နှင့် သီးသန့်ခန်းများမှာ ဆရာဝန် ၆ ယောက်၊ ဆရာမက ၁၅ ယောက်နှင့် သန့်ရှင်းရေးဝန်ထမ်း လေးယောက်တာဝန်ချထားကာ ဆရာဝန်၊ ဆရာမ ၂၅ ယောက်ခန့်ကို အလှည့်ကျ တာဝန်ချထားသည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်ဇော်လွင်ထံမှ သိရသည်။
တင်ထွန်း(ပြန်/ဆက်)


