ရန်ကုန် ၂၂ ဧပြီ
ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိသော ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ဧပြီလအတွက် လုပ်ခလစာ တစ်လစာကို ဧပြီ ၂၁ ရက်က သွားရောက်ချီးမြှင့်လှူဒါန်းခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ဧပြီ ၂၁ ရက်က ဝေဘာဂီ အထူးကုဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်တို့နှင့် တွေ့ဆုံဆွေးနွေးကာ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြားကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေဝန်ထမ်း (၁၂၀)ဦးနှင့် Volunteer အဖြစ် လာရောက်တာဝန်ထမ်းဆောင်နေကြသော အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း (၁၅၇)ဦး စုစုပေါင်း (၂၂၇) ဦးအတွက် ငွေကျပ် (၃၇၅)သိန်းကို ပေးအပ်ချီးမြှင့်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျန်းမာရေးဝန်ထမ်းများသည် အနီးကပ် ကြပ်မတ်ကုသခံနေရသူ (၂)ဦး အပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါသက်သာပျောက်ကင်းစေရန်နှင့် ထပ်မံကူးစက် ပြန့်ပွားခြင်းမရှိစေရန် ကိုယ်ကျိုးမငဲ့ဘဲ မရပ်မနား ကြိုးပမ်းဆောင်ရွက်နေကြသူများဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ဝေဘာဂီအထူးကုဆေးရုံကြီး၏ ကာကွယ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် မတ် ၁၈ ရက်တွင် ငွေကျပ်သိန်း(၅၀၀)၊ ဧပြီ ၁၈ ရက်တွင် ငွေကျပ်သိန်း(၂၀၀) အပါအဝင် ယခုလစာငွေနှင့် စုစုပေါင်း ငွေကျပ် (၁၀၇၅)သိန်း ပံ့ပိုးလှူဒါန်းထားပြီးဖြစ်သည်။ ထို့အတူ တစ်နိုင်ငံလုံးမှ COVID-19 အရေး ဆောင်ရွက်နေကြသော ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအားလုံးအတွက် COVID-19 အထူး ကျန်းမာရေး အာမခံရန်ပုံငွေအဖြစ် ငွေကျပ် သိန်း(၅၀၀၀)ကို ဗဟိုကျန်းမာရေးကော်မတီသို့ လှူဒါန်းထားကြောင်း သိရသည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း


