လောကတွင် အကောင်းနှင့်အဆိုးတို့ ဒွန်တွဲနေသည်။ လောကလူသားများ၏ ကောင်းကျိုးများကို ဆောင်ရွက်နေကြသူ များရှိသကဲ့သို့ ဖျက်ဆီးနေကြသူများကိုလည်း မြင်တွေ့ကြရမည်ဖြစ်သည်။ ယနေ့ကာလတွင် ရောဂါကပ်ဘေးကို အများပြည်သူတို့ ကြုံတွေ့ကြပြီး ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ယင်းဘေးဒုက္ခများအား နိုင်ငံတော် အစိုးရနှင့်အတူ ပြည်သူအများ ဝိုင်းဝန်းဖြေရှင်းနေချိန်တွင် ပြည်သူများအား ဒုက္ခဆင်းရဲရောက်အောင် လုပ်ဆောင်ကြသူ များကို ဝိုင်းဝန်းရှုတ်ချ တိုက်ဖျက်ကြရမည် ဖြစ်သည်။
ယခုအခါ တစ်ကမ္ဘာလုံးရှိ ပြည်သူများသည် ကပ်ရောဂါဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးကို ဦးစားပေးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြသည်။ နိုင်ငံတစ်ဝန်းလုံး၌ အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန်ထမ်းများက အများပြည်သူ အကျိုးစီးပွားအတွက် အလေးထား ဆောင်ရွက်ပေးနေချိန်တွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့် လုပ်ရပ်များ အဆက်မပြတ် လုပ်ဆောင်နေသည်ကို ဝမ်းနည်းဖွယ် မြင်တွေ့ကြားသိရသည်။
ထိုသို့ အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများကြောင့် ဒေသခံပြည်သူများ ဒုက္ခဆင်းရဲရောက်နေကြသည်။ စားနပ်ရိက္ခာပြတ်လပ်၍ အတိဒုက္ခရောက်လျက်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ပြည်သူများအတွက် ရိက္ခာဆန် များကို ဧပြီလ ၁၉ ရက်နေ့တွင် ဒေသအရောက် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသဖြင့် ဝမ်းမြောက်မိသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်သား အရာရှိ၊ စစ်သည် များအားလုံး တို့က အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့ကို အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုဖြစ်စဉ်များကို ကြားသိရသည့်အတွက် များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ရသည်။ ULA/ AA အကြမ်းဖက်အုပ်စုသည် ယမန်နှစ် ဇွန်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်လာသည့် ကုန်ကား ခြောက်စီးကို မိုင်းဖောက်ခွဲ၍ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခဲ့သည်။ ယခု ဧပြီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာများကို ရန်ကုန်မြို့သို့ ပို့ဆောင်စစ်ဆေးရန် ထွက်ခွာလာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကုလသမဂ္ဂ တံဆိပ်ပါ မော်တော်ယာဉ်အား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ ကြောင်း စိတ်မကောင်းဖွယ် ကြားသိရသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော သေဆုံး၊ ဒဏ်ရာရသည့် အရပ်သားများ၊ မိသားစုဝင်များအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံ ပြည်သူများ စားဝတ်နေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်ဖက်အဖွဲ့ အစည်းများက ငြိမ်းချမ်းရေးကို အလေးထား ရှေးရှုဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အုပ်စု၏ ယခုကဲ့သို့ အဖျက်လုပ်ရပ်များသည် လူသားမဆန်သည့် ကျူးလွန်မှုများ ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် အများပြည်သူတို့ ကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲအခက်အခဲများမှ လွတ်မြောက် နိုင်အောင် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးကြသူများအား အသိအမှတ်ပြု ဂုဏ်ပြုချီးကျူး ကြရမည်ဖြစ်သလို ဒုက္ခဆင်းရဲရောက်နေကြသူ ပြည်သူများ၏ ကောင်းကျိုးစီးပွားများအား ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ကြသည့် အဖျက်သမားများအား ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ