ယင်းမာပင် ၂၃ ဧပြီ
ထိုင်းနိုင်ငံမှ ပြန်လာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ မြဝတီမြို့၌ စီစဉ်ထားသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် ကန့်သတ် စောင့်ကြည့်ရက် ၂၁ ရက်ပြည့်မြောက်သွားပြီဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယင်းမာပင်မြို့နယ်သို့ ဧပြီ ၂၂ ရက်နေ့ ညနေ ၃ နာရီက ၃၉ ဦး ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ ပြန်လည်ရောက်ရှိလာသူများကို ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက စောင့်ကြည့်ရေးစခန်းများတွင် ကန့်သတ်စောင့်ကြည့်ရက် ၂၁ ရက် ပြည့်နေခဲ့ပြီး ဖြစ်သော်လည်း မိမိတို့အိမ်ပြန်ရောက်သည့်အခါ Home Quarantine အဖြစ် တစ်ပတ်နေပေးရေးနှင့် ကျန်မာရေး ဖျားနာမှုများရှိပါက မိမိတို့ကျေးရွာမှ သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနများနှင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ကူညီဆောင်ရွက်ပေးရေး ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးရဲလင်းအောင်က မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာလည်း သတ်မှတ်ရက်များကို လိုက်နာဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် အားပေးစကားများ ပြောကြားသည်။
ယင်းနောက် နေရပ်ပြန်များအား သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ၎င်းတို့ ကျေးရွာများ ရောက်သည်အထိ စနစ်တကျလွှဲပြောင်းကာ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
သန်းဌေးအောင်(ကနီ)


