ဟိုင်းကြီးကျွန်း ၂၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာအုပ်စုရှိ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသော ရွာသစ်(နတ်ကုန်းသာ)ကျေးရွာသို့ ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များက ရေဂါလန်(၈၀ဝ)ကို ယနေ့နံနက် ၉နာရီက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ကံချိုင်ကျေးရွာအုပ်စု၊ ရွာသစ်(နတ်ကုန်းသာ)ကျေးရွာသည် အိမ်ထောင်စု (၈၀)ရှိပြီး လူဦးရေ ၄၀ဝ ကျော် နေထိုင်သော ကျေးရွာတစ်ရွာဖြစ်ကြောင်း ရာအိမ်မှူး ဒေါ်နှင်းအေးက ပြောသည်။ တစ်ရွာလုံး တွင်းရေကိုသာ အသုံးပြုကြပြီး နှစ်စဉ်နွေရာသီ၌ ကန်ရေ ခန်းခြောက်မှုကြောင့် သောက်သုံးရေ အခက်အခဲ့နှင့် ပုံမှန် ကြုံတွေ့နေရသော ကျေးရွာတစ်ရွာလည်းဖြစ်သည်။
“နှစ်စဉ် မတ်လကစ၍ ရေစတင်ခန်းခြောက်လာပြီး မိုးမကျမီအချိန်အထိ သောက်သုံးရေအခက်အခဲ နှင့်ရင်ဆိုင်ကြုံတွေ့ကြရကြောင်း၊ ရေတွင်းတူးသည့်အခါ၌ မြေကြီးအတွင်း ကျောက်သားများထူ ထပ်စွာရှိနေခြင်းကြောင့် တွင်းနက်နက်တူးရန် ခက်ခဲကြောင်း၊ လက်ရှိအချိန်တွင် ကျေးရွာ အတွင်းရေများ ခန်းခြောက်လာမှုကြောင့် နံနက်စောစောစောင့်၍ အချိန်ကြာမြင့်စွာ ခပ်ယူသည့် တိုင်အောင် အိမ်ထောင်တစ်စုအတွက် လုံလောက်သည့် သောက်သုံးရေကို မရှိနိုင်တော့ကြောင်း” ရာအိမ်မှူး ဒေါ်နှင်းအေးက ပြောသည်။
“ဒီအချိန်ဆို သောက်ရေသုံးရေက အဆင်မပြေတော့ဘူး ကားတွေနဲ့လိုက် ရောင်းတဲ့ရေကို ကျွန်တော် တို့ဝယ်သုံးကြရတာပါ” ဟုဒေသခံ တစ်ဦးကပြောသည်။ ယခုကဲ့သို့ သောက်သုံးရေ အခက်အခဲဖြစ်ပေါ် နေချိန်၌ ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ အလှူရှင်များက ရေဂါလန်(၈၀ဝ)ကို လာရောက် လှူဒါန်းပေးခဲ့သည့်အတွက် ဒေသခံများ ပျော်ရွင်ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


