ဆွမ်ပရာဘွမ် ၂၃ ဧပြီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
ယင်းသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်ထုတ်ပြန်ထား သည့်အတိုင်း ပင်စင်လာထုတ် သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိ စေရန် ခြောက်ပေအကွာစည်းများ ပြုလုပ်ထား ပေးခြင်း၊ လက်ဆေးစင်များ ပြုလုပ်ထားပေးခြင်း၊ မြို့နယ် ကျန်းမာရေးအဖွဲ့မှ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူတိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဆွမ်ပရာဘွမ်မြို့နယ်မှာ ပင်စင်စားဦးရေ (၂၇) ဦး ရှိပါတယ်။ လူဦးရေနည်း တဲ့ အတွက်ကြောင့် မြို့ပေါ်ကျေးရွာ မခွဲခြားဘဲ ယနေ့ ဦးဆုံးထုတ်လိုတဲ့သူများကို တန်းစီ စနစ်ဖြင့် ထုတ်ပေးပါတယ်။ ပင်စင်လာထုတ်သူများကို နှာခေါင်းစည်းတပ်ခိုင်းပါတယ်။ လက်ဆေးခိုင်းပါတယ်။ ကိုယ်အပူချိန် တိုင်းပေးပါတယ်။ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးပါတယ်” ဟု မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးခိုလီနီယော်က ပြောသည်။
ကုဋေ ( ဆွမ်ပရာဘွမ်)


