ဆိပ်ဖြူ ၂၃ ဧပြီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြင်ကဝ-ကျီးပင်ကျေးရွာတို့ကို ဆက်သွယ်ပေးသည့် ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်း အသုံးပြုနိုင်ရေးအတွက် မြေသားမြေနီလမ်းကို ဧပြီလ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
အဆိုပါ မြင်ကဝ-ကျီးပင် ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၉ ဒသမ ၃၇၅ ကျပ်သန်းဖြင့် လမ်းအရှည် (၅)ဖာလုံ၊ လမ်းအကျယ် ပေ ၄၀၊ မြေနီခင်းခြင်းလုပ်ငန်းအတွက် ၁၈ ပေ အကျယ်၊ ၈ လက်မထုဖြစ်ပြီး ဒေသခံပြည်သူများ ပညာရေးကျန်းမာရေး လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ အောက်ဆိပ် လျှပ်စစ်မြစ်ရေတင် စနစ်မှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ကုန်ထုတ်လမ်းအဖြစ် အသုံးပြု ဆောင်ရွက်နိုင်ရန် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကော်မတီ တင်ပြချက်များအပေါ် ခွင့်ပြု ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မြင်ကဝ-ကျီးပင် ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းကို မြို့နယ် ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့က ကြီးကြပ်၍ ဘုန်းမြတ်ရာဇာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ အောက်ခံမြေသားခင်းခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


