ပန်းတနော် ၂၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ပြည်သူများမှ အခြေခံ စားကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသောက်နိုင်စေရန်အတွက် မြို့မဈေးယာယီ ပျံကျဈေးအား အနောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနေရာ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ နေ့စဉ် နံနက် ၆ နာရီမှ ၁၀ နာရီအထိ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါ ယာယီပျံကျဈေးအတွင်း ရောင်းချနေသည့် ဈေးသည်များကို မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများက ကြီးကြပ်၍ ဈေရောင်းဈေးဝယ်သူများအနေဖြင့် သတ်မှတ်အကွာအဝေး နေရာများတွင် ရောင်းချဝယ်ယူနိုင်ရေး၊ အသားငါးများ၊ စားသုံးကုန်ပစ္စည်းများ ရောင်းချသူများနှင့် ဈေးဝယ်သူများ အနေဖြင့်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်အိတ်များကို အသုံးပြုရန်၊ လက်ဆေးဘေစင်တွင် လက်ဆေးပြီးမှ ဈေးအတွင်းသို့ဝင်ရန်၊ စွန့်ပစ်အမှိုက်များကို သတ်မှတ် နေရာများတွင် စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက ချမှတ်ထား သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန် ကြိုတင်အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)


