ရန်ကုန် ၂၃ ဧပြီ
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ အခြေပြုပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ယနေ့အချိန်ထိ အပြည့်ပြေးဆွဲခြင်းမရှိဘဲ ယာဉ်လိုင်း(၄)ခုဖြင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေစေရေးအတွက် ခရီးသည်အနည်းကိုသာ ပြေးဆွဲပို့ဆောင် ပေးလျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
ဒလမြို့နယ် အဝေးပြေးကားကြီးဂိတ်၌ ဧပြီ ၁၆ ရက်မှ စတင်ပြီး ၂၂ ရက်နေ့အထိ ယာဉ်လိုင်းကြီးများ ပြေးဆွဲခြင်း မရှိသေးကြောင်း၊ ဒလ-တွံတေး YBS ၄၈ ၊ ကွမ်းခြံကုန်-လှိုင်သာယာ YBS ၄၉ ၊ ကွမ်းခြံကုန်း-ဒလ YBS ၅၀ ၊ တွံတေး-လှိုင်သာယာ YBS ၄၇ တက္ကစီကားလေးတို့ဖြင့် ခရီးသည်အနည်းငယ်ကို ပြေးဆွဲပို့ဆောင်ပေးလျက် ရှိကြောင်း၊ အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် ပြေးဆွဲမှုနည်းပါးကြောင်း သိရသည်။
“ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ခရီးသွားပြည်သူတွေ ဒလမြို့နယ်ကတစ်ဆင့် ရန်ကုန်မြို့ကို သွားလာမှု မရှိသလောက်ပဲ၊ အရင်က သင်္ကြန်ပွဲတော်ပြီးပြီးချင် လုပ်ငန်းခွင်အသီးသီးကို ပြန်သွားကြမည့်သူတွေ အရမ်းများလို့ ယာဉ်လိုင်းတွေ မရပ်နားဘဲ ပြေးဆွဲခဲ့ရတယ်၊ သင်္ဘောဆိပ်မှာဆို ကျိတ်ကျိတ်တိုးစည်းကားနေပြီး၊ ကိုဗစ်-၁၉ ကြောင့် တစ်ချို့ စက်ရုံ၊ အလုပ်ရုံတွေလည်း လတ်တလောအခြေအနေမှာ ပိတ်ထားတယ်လို့ ကြားသိရတယ်၊ အဲ့ဒါကြောင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်သွားလုပ်မယ့်ခရီးသည်တွေ နည်းပါးတာကြောင့် ယာဉ်လိုင်းတွေ ပြေးဆွဲမှုနည်းသွားတာ ဖြစ်ပါတယ် ” ဟု ဒလမြို့ခံ ပြည်သူတစ်ဦး က ပြောသည်။
ယနေ့ ဧပြီ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်း အခြေပြုပြေးဆွဲသော ရွှေသူဌေးယာဉ်လိုင်းမှ ဒလ-ဖျာပုံ (၄)စီး၊ ရတနာမိုး ယာဉ်လိုင်းမှ ဒလ-ဖျာပုံ(၁)စီး၊ ကြံတိုင်းအောင် ယာဉ်လိုင်းမှ ဖျာပုံ-ဒလ(၁)စီး၊ ရွှေဧရာယာဉ်လိုင်းမှ ဖျာပုံ-ဒလ(၂)စီး တို့ဖြင့် ခရီးသည်များကို ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပြီး ဒလမြို့နယ် အဝေးပြေးကားဝန်းဂိတ်၌ ဧရာဝတီ တိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်း စုစုပေါင်း (၁၅)ခု၊ ရန်ကုန်တိုင်းဒေသကြီး အခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်း စုစုပေါင်း (၈) ခုရှိရာ အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားမိဘပြည်သူများအား ပြေးဆွဲပို့ဆောင်ပေးကြောင်း YRTA ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


