ရန်ကုန် ၂၃ ဧပြီ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ (၂၂) ရက် မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦးက လှူဒါန်းရသည့် အကြောင်းအရင်းကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက
• ယခုကဲ့သို့ လှူဒါန်းမှုများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ရှေ့တန်းမှ ဆောင်ရွက်နေသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအတွက် များစွာပံ့ပိုးမှု ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊
• လှူဒါန်းမှုများအား ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်မှုအတွက်လည်း အသုံးချသွား မည်ဖြစ်သဖြင့် COVID-19 လူနာများအတွက်သာမက ရေရှည်ကာလတွင် အခြားလူနာများအတွက်ပါ အကျိုးရှိ စေကာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊
• ယခုအချိန်တွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို လက်ခံပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။
ယနေ့ လှူဒါန်းမှု၌ -
• သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၁) သန်း၊
• ကံပွင့်ဦး သတ္ထုတူးဖော်ရေးကုမ္ပဏီလီမီတက်က တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးဝတ်စုံ (PPE) (၃,၁၀၀) စုံ၊ စမ်းသပ်လက်အိတ် (၃,၀၀၀)နှင့် မျက်နှာအကာ (၃,၀၀၀)၊
• အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှ ကိုစိုးပြည့်ထူး+ ဒေါ်မေဖြိုးဦး မိသားစုက မြန်မာကျပ်ငွေ (၁၆.၈၇) သိန်း၊
• ဒေါ်သင်းသင်းကြည်၊ ဒေါ်လှလှကြည် နွေဦးမိသားစု (ရန်ကုန်)က မြန်မာကျပ်ငွေ (၅) သိန်း၊
• ဦးကျော့မှူး + ဒေါ်စိန်တင့် မိသားစု (ရန်ကုန်) က မြန်မာကျပ်ငွေ (၁) သိန်းနှင့်
• ဒေါ်အေးသိန်း မိသားစု (ရန်ကုန်)က မြန်မာကျပ်ငွေ (၅) သောင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


