မြိတ် ၂၃ ဧပြီ
မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုန်စည်စီဆင်းမှုများ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ရေးအတွက် ကုန်တင်ကားများ၊ ကုန်တင်စက်လှေများကို စနစ်တကျ ကန့်သတ်ဆောင်ရွက်နိုင်ရန် ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကုန်တင်ကားများ၊ ကုမ္ပဏီကုန်ကားများမှ မြိတ်မြို့သို့ ဝင်ရောက်လာပါက ကျွဲကူး-ကျောက် ဖျာတံတား စစ်ဆေးရေးဂိတ်၌ ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီသို့ မြို့အဝင်အထွက် သတင်းပေးပို့ရမှာဖြစ်ပြီး သတ်မှတ်ထားသည့်နေရာတွင် ကုန်ကားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ရပ်နားရမည်ဖြစ်ကြောင်း၊ ကုန်တင်စက်လှေများအနေဖြင့် လှေပေါ်မှ ကုန်အတင်အချပြုလုပ်ပြီး လှေလုပ်သားများမှ ကမ်းပေါ်မတက်ကြရန်၊ ကုန်ကားများနှင့် ကုန်လှေများမှ သတ်မှတ်နေရာတွင်သာ နေကြရန်နှင့် အဆိုပါနေရာမှ အပြင်ထွက်ချင်ပါက Quarantine (၂၁)ရက် ဝင်ရောက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
“ကုန်စည်များ မြန်မြန်ဆန်ဆန်နှင့် စားသုံးသူလက်ထဲ ရောက်ရှိနိုင်ရန်အတွက် ရောက်ရှိလာသော ကုန်ကားများကို မြိတ်မြို့ အဝေးပြေးကားဝင်းမှာ စနစ်တကျထားရှိပြီး ကုန်ကားမှပါလာသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အားလုံး ယာဉ်ပေါ်နှင့် ယာဉ်အသင်းခန်းမှာသာ နေထိုင်ရပါမယ်။ သတ်မှတ်ထားသော အဝေးပြေးကားဝင်းမှ ကျော်လွန်၍ သွားလာခွင့်မရှိပါ။ ဒီလိုလုပ်ဆောင်ခြင်းဟာ ရောဂါကြိုတင်ကာကွယ်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ပိုင်းက ကုမ္ပဏီအသီးသီးမှ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အားလုံးကို အဝေးပြေးကားဝင်း ကုမ္ပဏီပြင်ပကားများ ထားရှိရန် နေရာသတ်မှတ်ပြီး ထားရှိမှာဖြစ်ပါတယ်”ဟု မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သင်းမောင် က ပြောသည်။
ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မလွဲတောင်မှ ကုန်ကားတစ်စီး စတင်ဝင်ရောက်လာတာနှင့် အသွားအပြန် (၅)ရက်သတ်မှတ်ထားရှိကြောင်း၊ လက်ရှိအချိန်၌ ည(၁၀) နာရီမှ နံနက်(၄)နာရီအထိ ယာဉ်မောင်းခွင့်မရှိသောကြောင့် (၇)ရက်အထိ သတ်မှတ်ပေးနိုင်ရန် တင်ပြထားကြောင်း၊ မြိတ်မြို့တွင် အဝေးပြေးကုန်တင်ယာဉ်လိုင်း၌ အသင်း(၂၂)သင်းနှင့် ကုန်တင်ကားအစီးရေ(၁၀၀) ကျော်ရှိကြောင်း မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


