မြစ်ကြီးနား ၂၃  ဧပြီ

 

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်အတွင်း၌သာ တွေ့ရှိရသည့် မြန်မာနှာခေါင်းလန်မျောက် နှင့် အခြားမျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသော တိရစ္ဆာန်မျိုးစိတ်များအား ထိန်းသိမ်းရန် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်အတွင်းရှိ မြေဧရိယာ ၃၈၆၁၇၆ ဧက အကျယ်အဝန်းအား အီမောဘွန်း အမျိုးသားဥယျာဉ်အဖြစ် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယခုနှစ် မတ် ၃၀ ရက်တွင် တရားဝင် သတ်မှတ်ပေးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်များအဖွဲ့-  မြန်မာ(FFI) မှ သိရသည်။

 

မြန်မာနှာခေါင်းလန်မျောက်များ၏ နေရင်းဒေသမှာ မကြာခင်က သဘာ၀ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သော မေခမြစ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်အတွင်းရှိ အီမောဘွန်း အမျိုးသားဥယျာဉ်ဖြစ်ပြီး အဆိုပါ မျောက်မျိုးစိတ်အား အပြည်ပြည်ဆိုင်ရာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) က မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် (Critically Endangered) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်များအဖွဲ့-မြန်မာ (FFI) မှ ကချင်ပြည်နယ် စီမံကိန်းမန်နေဂျာ ဦးငွေလွင်က “အသစ်တည်ထောင်လိုက်တဲ့ အီမောဘွန်း အမျိုးသားဥယျာဉ်ဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ နှာခေါင်းလန် မျောက်မျိုးစိတ်တွေအတွက် အသက်ကယ် ကြိုးတစ်ချောင်းလို့ တင်စားခေါ်ဝေါ်နိုင်ပါတယ်။ အခုလိုမျိုး သဘာ၀ထိန်းသိမ်းရေးနယ်မြေ ထူထောင်နိုင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ဇီ၀မျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ကူးသန်းရောင်းဝယ်မှုမှ ကာကွယ်ဖို့အတွက်လည်း ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

 

သွင်ပြင်လက္ခဏာအရ နှာခေါင်းအပေါ်သို့ လန်နေသည်ကိုအစွဲပြု၍ မြန်မာနှာခေါင်းလန် မျောက်ဟု ခေါ်ဆိုခြင်းဖြစ်ပြီး ၎င်းမျိုးစိတ်အား အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်များအဖွဲ့က မေခမြစ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ အီမောဘွန်း ဒေသ၌ ၂၀၁၀ ခုနှစ်အတွင်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း  အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်များအဖွဲ့-မြန်မာ (FFI)မှ သိရသည်။

 

mdn
အီမောဘွန်းအမျိုးသားဥယျာဉ် တောင်ပေါ်သစ်တောအတွင်း ကျက်စားနေကျသည့် ပန်ဒါနီ တစ်ကောင်  တစ်ကောင်ကိုတွေ့ရစဉ်

 

“သစ်တောတွေ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ထုတ်လမ်းများ ဖောက်လုပ်ခြင်းနဲ့ အမဲလိုက်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်တာက နှာခေါင်းလန် မျောက်မျိုးစိတ်တွေသာမက အခြားသော တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေရဲ့ နေရင်းဒေသဂေဟစနစ်နဲ့ သူတို့ရဲ့ ရေရှည်ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းလန်မျောက် မျိုးစိတ်တွေအပြင် မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြားသော တိရစ္ဆာန်မျိုးစိတ်တွေ ရေရှည်ရှင်သန် ရပ်တည်နိုင်ဖို့ သူတို့မှီတင်းနေထိုင်ရာဖြစ်တဲ့ အီမောဘွန်း အမျိုးသားဥယျာဉ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့အရင်းအမြစ်တွေကို ဆက်လက်ပံ့ပိုးပေးသွားဖို့ အရေးကြီးပါတယ်” ဟု ဦးငွေလွင်က ဆက်လက်ပြောကြားခဲ့သည်။

 

အီမောဘွန်းအမျိုးသား ဥယျာဉ်သည် ဝေးလံခေါင်သီသည့် တောင်ပေါ်တော ၁၅၀၀ စတုရန်းကီလိုမီတာကျော် (ဧက ၃၈၀၀၀၀ ကျော်) ကို  သဘာ၀ထိန်းသိမ်းရေး နယ်မြေအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အဆိုပါ သဘာ၀ထိန်းသိမ်းရေး နယ်မြေတွင် တောင်ပေါ်တော အမျိုးအစားများ ကြွယ်၀စွာ ပေါက်ရောက်လျက်ရှိပြီး ယင်းဧရိယာအဝန်းအဝိုင်းအတွင်း၌ နှာခေါင်းလန် မျောက်မျိုးစိတ်အပြင် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသော ပန်ဒါနီနှင့် သားမင်းကဲ့သို့သော မျိုးစိတ်များ၊ လှပသော ရစ်မျိုးစိတ်များလည်း နေထိုင်ကျက်စားကြောင်း၊ ထို့ပြင် ယင်းဒေသ အဝန်းအဝိုင်း၌ ဝက်သစ်ချပင်၊ မေဘယ်ပင်နှင့် တောင်ဇလပ်ပင်များလည်း တွေ့ရှိရပြီး တောင်မြင့်ပိုင်း မြက်ခင်းပြင်များနှင့် ရှားပါးသစ်ခွမျိုးစိတ်များ ပေါက်ရောက်ရာ ဒေသတစ်ခုဖြစ်ကြောင်း သိရှိရသည်။

 

သတင်း-ပိန်းဇလုပ်သိန်းညွန့်၊ ဓာတ်ပုံ-FFI

mdn
အီမောဘွန်းအမျိုးသားဥယျာဉ် တောင်ပေါ်သစ်တောအတွင်း ကျက်စားနေကျသည့် ဇာမဏီငှက်မျိုးစိတ် တစ်ကောင်ကိုတွေ့ရစဉ်