နေပြည်တော် ၂၃ ဧပြီ
မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ ဧပြီ ၂၁ ရက်တွင် ကချင်ပြည်နယ်၊ မြို့နယ်(၄)ခု၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၁၃၇)လုံး၊ ဘာသာရေး အဆောက်အဦ(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၂)ခု၌ နေအိမ်(၃)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်(၃)ခု၌ နေအိမ်(၁၉)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ် (၁၇၅)လုံး၊ ဘာသာရေးအဆောက်အဦ(၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ မြို့နယ်(၂)ခု၌ နေအိမ်(၄)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၄)ခု၌ နေအိမ်(၇)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၄၃၀)လုံး၊ ဘာသာရေးအဆောက်အဦ(၁၅) လုံး၊ အခြားအဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားသည်။
အလားတူ ဧပြီ ၂၂ ရက်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၌ နေအိမ်(၁)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာ လန်ပျက်စီးခြင်းတို့ ဖြစ်ပွားသည်။
သို့ဖြစ်ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ တာဝန်ရှိသူများသည် လေပြင်း တိုက်ခတ်မှုဖြစ်ပွားရာနေရာများသို့ သွားရောက်ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက် တွင် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများ အတွက် စုစုပေါင်း(၄၂,၀၀၀,၀၀၀/-) ကျော် (ကျပ်သိန်းလေးရာ့နှစ်ဆယ်ကျော်) ထောက်ပံ့ထားရှိပြီး ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါ မဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်း များဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။
သတင်းစဉ်


