နေပြည်တော် ၂၃ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်းအတွင်းဝန်နှင့် လမ်းနှင့် တံတား ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ဂျပန်နိုင်ငံ JFE Corporation မှ တာဝန်ရှိသူများနှင့် Video Conferencing ဖြင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။
အစည်းအဝေးတွင် ဖက်စပ်တည်ထောင်ထားသော J & M Steel Solution သံမဏိစက်ရုံနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ စစ်ဆေးပြီး စက်ရုံပြန်လည်ပတ်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ADB ဌာနချုပ်မှ Senior Transport Specialist Mr.Data နှင့်အဖွဲ့နှင့် Video Conferencing ဖြင့် အစည်းအဝေးပြုလုပ်သည်။
အစည်းအဝေးတွင် ADB ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများမှ အချို့ Consultant များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်၍ မရသေးသည့် လက်ရှိအခြေအနေတွင် Local Partner ထားရှိပြီး Online ဖြင့် ကြီးကြပ် ဆောင်ရွက်ရန် အခြေအနေနှင့် ကိုဗစ်-၁၉ ၏ အကျိုးဆက်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် နံနက် ၁၁ နာရီခွဲတွင် အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kuma နှင့် အစည်းအဝေးကျင်းပပြီး အိန္ဒိယနိုင်ငံအကူအညီဖြင့် မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ယာကြီး-ကလေးဝလမ်းနှင့် ပလက်ဝ-ကလက်ဝ-မြိတ်ဝလမ်း စီမံကိန်းများ အခြေအနေ၊ ချင်းပြည်နယ် ဆာဆီချောက်နယ်စပ်တံတား တည်ဆောက်ရန်ကိစ္စများကို ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ၊ Korea Exin Bank အဖွဲ့မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Yoo Yeon Joo နှင့် Video Conferencing ဖြင့် ဒလတံတားစီမံကိန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီမံဆောင်ရွက်နေမှုနှင့် Foundation လုပ်ငန်းများ မိုးမကျမီပြီးစီးရေး စီမံဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ၊ JICA အဖွဲ့မှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr. Sakakura Noriji နှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် JICA ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့်အခြေအနေနှင့် လုပ်ငန်းစီမံကိန်းများအပေါ် သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် Development Partner များ ဖြစ်ကြသည့် ADB, အိန္ဒိယနိုင်ငံ၊ KOREA, EDCF , JICA, World Bank စသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသော LOAN & GRANT စုစုပေါင်း စီမံကိန်း (၂၀) နှင့်ပတ်သက်၍ Video Conferencing ပြုလုပ်ခဲ့ပြီး လိုအပ်သော သဘောတူညီချက်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


