မကွေး  ၂၄  ဧပြီ

 

မကွေးတိုင်း၌ အထူးစိမ်းလန်းစိုပြေရေးလုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူဗဟိုပြုလုပ်ငန်း အစီအစဉ်များဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ (၄)နှစ်အတွင်း သစ်ပင် (၆)သိန်းခန့်စိုက်ပျိုးခဲ့ကြောင်း တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ သိရသည်။

 

လေးနှစ်တာကာလအတွင်း၌ အထူးစိမ်းလန်းစိုပြေရေးလုပ်ငန်းဖြင့် အထူးစိမ်း တစ်အုပ်တစ်မ(၃၉၇၅၀)ပင်၊ ကွက်လပ်ဖြည့် (၇၃၂၀ဝ)ပင်၊ ဖြည့်စွက်(၂၇၀ဝ၀)ပင်၊ ကွန်တိုဘောင်(၅၀ဝ)ပင်၊ တောထိန်းကွက်လပ်ဖြည့် (၇၇၄၂၅)ပင်၊ စုစုပေါင်း (၂၁၇၈၇၅)ပင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအနေဖြင့် တစ်ရွာတစ်ဧက၊ တစ်အိမ်ထောင် ကျွန်း(၃)ပင်၊ သစ်မာ(၂၀) ပင်နှုန်းဖြင့် စုစုပေါင်း(၃၃၆၆၁၂)ပင်၊ ပြည်သူဗဟိုပြုလုပ်ငန်းဖြင့် သစ်ပင်(၄၂၀ဝ၀)ပင် တို့ကို စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

 

“ဖန်လုံအိမ် ဓါတ်ငွေ့ကြောင့် ကမ္ဘာ့လေထု ညစ်ညမ်းတာနဲ့ ရာသီဥတုပူပြင်းတာကို ကာကွယ်နိုင်ဖို့က သစ်ပင် စိုက်ပျိုးတဲ့ နည်းတစ်ခုပဲ ရှိပါတယ်။ လာမယ့်မိုးရာသီမှာ စိုက်ဧက ၁၉၀ဝ ထူထောင်ပြီး ပျိုးပင်ပေါင်း(၁၂၄၄၂၅)ပင် စိုက်ပျိုးပါ မယ်။ စိုက်ခင်းအကြိုလုပ်ငန်းတွေကို ဆောင်ရွက်ထားပြီးပါပြီ”  ဟု မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေးက ဆိုသည်။

 

လေးနှစ်တာကာလအတွင်း ကျေးရွာသုံးစိုက်ခင်း(၃၃၈၈.၄၇)ဧက၊ ရေဝေရေလဲစိုက်ခင်း(၁၈၁၀)ဧက၊ တောင်တန်းစိုက်ခင်း(၁၇၅၀)ဧက၊ အခြားစိုက်ခင်း(၇၄၀)ဧက၊ စုစုပေါင်း(၇၆၈၈.၄၇)ဧကကို အကောင်အထည်ဖော်ခဲ့ပြီး သဘာဝ တောကျန် ဧက(၈)သောင်းကိုလည်း ထိန်းသိမ်းထားရှိခဲ့ကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။

 

အထူးစိမ်းလန်းစိုပြေရေးလုပ်ငန်းဇုန်ဖြစ်သည့် ပခုက္ကူမြို့နယ်(တန့်ကြည်တောင်)၊ ချောက်မြို့နယ် (ရွှေပုံတောင်)၊ ရေနံချောင်း (Greening Complex Zone)၊ တောင်တွင်းကြီးမြို့နယ် (ဗိဿနိုး) တို့တွင် နိုင်ငံတကာနှင့်ပူးပေါင်း၍ Climate Change Center(CCC)လုပ်ငန်းများကို ငွေကျပ်သန်း(၇၀ဝ) အသုံးပြုလုပ်ဆောင်နေကြောင်း ညွှန်ကြားရေးမှူး ဦးစွန်ထွေး ထံမှ သိရသည်။

 

ဇေယျတု(မကွေး)