ဂန့်ဂေါ ၂၄ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် တောင်ပြင်ကျေးရွာ အနောက်မြောက်ဘက်တွင် တစ်ဖက်ပိတ်ဆည်ကို ဧပြီ ၂၂ ရက်နေ့မှစ၍ တည်ဆောက်လျက်ရှိသည်။
အဆိုပါ တစ်ဖက်ပိတ်ဆည်နှင့်စပ်လျဉ်း၍" ကျွန်တော်တို့ကျေးရွာက လယ်ကိုအားပြုပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ပါတယ်၊ ကြိုးစားပြီးလုပ်တော့ စပါးလည်းအထွက်နှုန်းကောင်းပါတယ်၊ အရင်တုန်းကဆိုရင် ချောင်းထဲကနေ ရေကိုဆန်ပြီးတင်ရပါတယ်၊ ချောင်းနဲ့လယ်နဲ့ဆိုရင် ပေ ၄၀ဝ လောက် ကွာဝေးပါတယ်၊ အရင်တုန်းကလဲ ရွာထဲက လူ(၆)ဦးလောက် မတည်ငွေ (၁၀) သိန်းကျပ်နဲ့ ယခုနေရာမှာ ဆည်ကိုလုပ်သေးပါတယ်၊ စနစ်မကျတာ၊ မသပ်ရပ်တာနဲ့ မိုးသည်းလို့ ပြိုပြီးပျက်စီးသွားပါတယ်၊ ယခုတော့ တိုင်းဒေသကြီးလွှတ်တော်ပိုလျှံငွေ သိန်း(၅၀)ကျပ် မတည်ပြီး ဆောက်လုပ်နေပါတယ်၊ ဆည်ကိုကောင်းအောင် ကျေးရွာသူ/သားတွေကျေနပ်အောင်ထိ လုပ်မှာပါ၊ လိုအပ်ရင် ကျေးရွာက စုပေါင်းပြီးလုပ်မှာပါ၊ ဆည်ကနေ ရေစုပ်စက်နဲ့စုပ်ပြီး အထက်ကလယ်ကို ရေတင်လိုက်ရင် လယ်အားလုံးဆီ စီးဆင်းသွားမှာပါ၊ ခရိုင်မီးသတ်ဦးစီးဌာနက မီးသတ်ကားဖြင့် ဆည်ကိုဆောက်လုပ်နေသည့် စက်ယန္တရားများတွင် အသုံးပြုရတာလွယ်ကူဖို့ ယနေ့ထိ ရေဂါလန် ၃၂၀ဝ ကိုသယ်ပြီးကူညီပေးပါတယ်" ဟု ကျေးရွာနေ တောင်သူကြီး ဦးတင်သောင်းက ပြောသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါမြို့ဆည်မြောင်းဦးစီး ဌာနတို့၏ အကြံဉာဏ်များဖြင့် ထိုဆည်အားတည်ဆောက်နေကြောင်း၊ တည်ဆောက်ပြီးပါက လယ်ဧက ၁၀ဝ ကျော်ကို အကျိုးပြုဖြစ်ထွန်းမှာဖြစ်ကြောင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းမောင်ဦးဆောင်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)


