မကွေး ၂၄ ဧပြီ
ကမ္ဘာ့ရေနံဈေး ကျဆင်းမှုနှင့်အတူ မကွေးတိုင်းရှိ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများ၌ အဆင်မပြေမှုများ ဖြစ်နေကြောင်း သိရပြီး ယင်းအခြေအနေအပေါ် အခွန်အခများ လျှော့သင့်၊ မသင့် ကိစ္စအား ပြန်၍သုံးသပ်ပေးမည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ထံမှ သိရသည်။
ရေနံထုတ်လုပ်သည့်အခါ ဂါလန် ၅၀ ဆန့် တစ်ပေပါလျင် အထွေထွေကုန်ကျစရိတ် ၃၁၂၅၀ ကျပ် ကျသင့်ပြီး လက်ရှိရေနံတစ်ပေပါ ပေါက်ဈေးမျာ ငွေကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ကျပ်ထိသာ ရောင်းရသည့်အတွက် ရေရှည်လုပ်ငန်းရပ်တည် နိုင်ရေး အစိုးရဘက်မှ အခွန်အခများ ဖြေလျှော့ပေးရန် လုပ်ငန်းလုပ်ကိုင်သူများက မျှော်လင့်လျက်ရှိသည်။
“သူတို့ရဲ့လုပ်ငန်းတွေ မလည်ပတ်နိုင်တာ၊ အရှုံးခံလုပ်နေတာကို ကိုယ်ချင်းမစာလို့ မဟုတ်ဘူး။ ကိုယ်ချင်းစာတယ်။ သူတို့လည်း နိုင်ငံသားတွေပဲ။ အခြေအနေတည်ငြိမ်တဲ့အချိန်မှာ ဒီဒေသမှာ ပေါက်ဈေး ဘယ်လောက်ရှိတယ်။ အခွန်အခတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့အစိုးရအဖွဲ့မှာ ညှိနှိုင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ ကိုတော့ အကုန် လုပ်ပေးမှာပါ ” ဟု ဝန်ကြီး ဦးမြင့်ဇော် က ပြောသည်။
ကမ္ဘာ့ကပ်ရောဂါကာလ၌ ရေနံလုပ်ငန်းများ အရှုံးဘက်သို့ဦးတည်နေချိန်တွင် စစ်ကိုင်းတိုင်းမှ ရေနံချက်ဖိုများ ပိတ်လိုက်သဖြင့် မကွေးတိုင်းမှထွက်သည့် ရေနံစိမ်းပို့ဆောင်မှုလုပ်ငန်း၌ အခက်အခဲအချို့ဖြစ်ပေါ်ခဲ့ပြီး ရေနံများကို သိုလှောင်ရန်၊ မီးဘေးကာကွယ်ရန် နှင့် လုပ်သားများ၏ စားဝတ်နေရေးဖြေရှင်းရန် ကိစ္စများ၌ ဝန်ထုတ်ဝန်ပိုးများ ရှိနေကြောင်း ရေနံလုပ်ငန်းခွင်မှ သိရသည်။
“လုပ်ငန်းတွေ ရပ်ကုန်ရင် ရေနံလုပ်သားတွေ၊ သူတို့ကို မှီခိုနေတဲ့ မိသားစုတွေ အခက်အခဲဖြစ်ကုန်တော့မှာပါ။ အကောင်းဆုံးဖြေရှင်းနည်းက သူတို့ကို အလုပ်ပေးဖို့ပါပဲ။ အဲဒီလိုပေးနိုင်အောင် အလုပ်ဆက်ပြီး လည်ပတ်ဖို့လိုပါတယ်။ အလုပ်လည်ပတ်ဖို့ကလည်း ဖြေလျော့ပေးမှ လည်ပတ်နိုင်မှာပါ။ ယာယီအခွန်နှုန်းထားတွေနဲ့ ကာကွယ်ပေးမယ်ဆိုရင် လုပ်ငန်းရှင်တွေလည်း အသက်ရှူချောင်မှာပါ” ဟု မြိုင်မြို့နယ်တွင် ရေနံလုပ်ငန်းလုပ်ကိုင်သူ ဦးစောနိုင်ဦး က လုပ်ငန်းအခက်အခဲများကို ရှင်းပြသည်။
ဇေယျတု(မကွေး)


