မကွေး  ၂၄  ဧပြီ

မကွေးတိုင်းအတွင်းမှ ထွက်ရှိသည့် ရေနံစိမ်းများကို ရေနံချက်ဖိုများရှိရာ စစ်ကိုင်း၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးများသို့ မျော(Transport Pass) ထုတ်ပေးကာ ပို့ဆောင်ခွင့်ပြုထားပြီး ၄ နှစ်အတွင်း မျောအခွန်ငွေ ၂၁ ဘီလျံကျော် ရရှိထားကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ မှ သိရသည်။

 

 “မကွေးတိုင်းမှာ လောလောဆယ် ရေနံလုပ်ကွက်(၁၁)ကွက် သက်တမ်းတိုး ချပေးထားပါတယ်။ ကျွန်တော်တို့ သက်တမ်း ၄ နှစ်အတွင်းမှာ အခွန်ငွေရတာ ၂၁ ဘီလျံကျော်သွားပြီ” ဟု မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဇော် က ပြောသည်။

 

Transport Pass ထုတ်ပေးရာတွင် ၂၀၁၈ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဂါလံ(၅၀)ပါ ရေနံစိမ်း တစ်စည်လျှင် ယခင်ကောက်ခံသည့် ဝန်ဆောင်ခကျပ်သုံးထောင်အစား ငါးထောင်ကျပ်အဖြစ် တိုးမြှင့်ကောက်ခံခဲ့ပြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများ သက်တမ်းတိုးရာတွင်လည်း မြေငှားခကို တစ်ဧက သုံးထောင်ကျပ်မှ ကျပ်သုံးသိန်းထိ တိုးမြှင့်သတ်မှတ်မှုများကို လက်ရှိ အစိုးရအဖွဲ့မှ လုပ်ဆောင်ခဲ့သည်။

 

“အရင်အစိုးရလက်ထက်က စလက်ခံတာက လုပ်ကွက် ၄၂ ကွက်။  အဲဒီ့ထဲမှာ မြေငှားခ တစ်ဧကကို ၃ သိန်း ဖြစ်သွားတဲ့အတွက် တချို့က ဧကတွေ စွန့်လွှတ်တာနဲ့၊ သက်တမ်းမတိုးတော့တာနဲ့၊ တချို့ကလည်း နိုင်ငံတော်အခွန်ကို ကျေအောင်မထမ်းဆောင်နိုင်လို့ Black List လုပ်လိုက်ရတာနဲ့ ဆိုရင် ပြီးခဲ့နှစ်မှာ ၁၁ ကွက်ပဲ သက်တမ်းတိုးပေးထားတယ် ” ဟု ဝန်ကြီး ဦးမြင့်ဇော်က ဆိုသည်။

 

မျောအခွန်များကို မကွေးမြို့၊ မြန်မာ့စီးပွားရေဘဏ်၊ တိုင်းအစိုးရအဖွဲ့ငွေစာရင်းအမှတ် MD-021907 သို့ ရေနံသယ်ယူသူ လုပ်ငန်းရှင်ကို ပေးသွင်းစေကြောင်း၊ အခွန်ရငွေများကို တိုင်းအစိုးရအဖွဲ့၏ ထောက်ပံ့အသုံးစရိတ်အဖြစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီး ဒေသအသီးသီးရှိ လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် သုံးစွဲကြောင်း အစိုးရအဖွဲ့မှ သိရသည်။

ဇေယျတု(မကွေး)