ဆားလင်းကြီး ၂၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်/ထိန်းချုပ်ရေးကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပင်စင်စားများအတွက် ပင်စင်လစာများကို စနစ်တကျ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လာရောက် ထုတ်ယူသူပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စနစ်တကျရှိစေရန် ဘဏ်အတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးကန်များ ထားရှိပြီး လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ စည်းများလုပ်ပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေြခင်းတို့ကို ဆောင်ရွက်ထားပြီး ဘဏ်ဝန်ထမ်းများ အန္တရာယ်ကင်းစေရေးအတွက် ကောင်တာများတွင် ပလပ်စတစ်အကြည်များ ကာရံထားခြင်း၊ နှာခေါင်းစည်း၊ လက်အိတ်များ တပ်ဆင်စေခြင်းနှင့် လက်သန့်ဆေးရည်များ ထားရှိပေးထားကြောင်း ဆားလင်းကြီးမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အကြီးတန်းစာရေး ဦးချစ်ပိုဝင်းက ပြောသည်။
ဆားလင်းကြီးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် မြို့နယ်အတွင်းရှိ ပင်စင်စားများ အခက်အခဲမရှိစေရေးအတွက် ဘဏ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇော်လင်း(ဆားလင်းကြီး)


