မကွေး    ၂၄    ဧပြီ

မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းများ ကြိုတင်ကာကွယ်ရန် အသိပညာပေးလုပ်ငန်းများကို  လုပ်ဆောင်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ရေးနှင့်ပတ်သက်၍ အလွယ်တကူ သိရှိနိုင်ရန် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရောဂါကူးစက်ရာဒေသနှင့် ပြည်ပမှ ပြန်လာသူများ အနေဖြင့် Home Quarantine နှင့် Facility Quarantine များတွင် နေထိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ နေ့စဉ် Hand Speaker များဖြင့် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် Home Quarantine နှင့် Facility Quarantine နေထိုင်ရသူများနှင့် ပြည်သူလူထုအများစုတွင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများ၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် ရှေ့ရေးတို့အတွက် စိုးရိမ်ပူပန်ခြင်းများနှင့် အိမ်တွင်ရှိသော မိသားစုအတွက် စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်ပေါ် လာနိုင်သဖြင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများ စိတ်ဓာတ်ရေးရာ မြှင့်တင် ပေးမှုများကို Hot Line  ဖုန်းနံပါတ်များဖြင့် အခမဲ့ ဝန်ဆောင်ပေးမှုများ(၂၄)နာရီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့ပွားမှု မဖြစ်ပွားစေရေးအတွက် ပြည်သူများအလွယ်တကူ သိရှိနိုင်ရန် အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ကျေးရွာများအနှံ့ အမြန်ဆုံး ရောက်ရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ကော်မတီဝင် စေတနာ့ဝန်ထမ်း လူငယ်များ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများ၊ မိခင်ဝိုင်းအဖွဲ့များနှင့် ပူးပေါင်း ချိတ်ဆက်ကာ  ဖြန့်ဝေပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)