မင်းဘူး ၂၄ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်၍ မင်းဘူးမြို့ရှိ ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းမရှိပဲ သွားလာနေသူများကို အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၁၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(မင်းဘူး)မှ ဒုတိယရဲမှူးကြီး မောင်မောင်သန်း ဉီးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ငြိမ်းငြိမ်းအိနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်စုမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မင်းဘူး-စကု ကားလမ်းဘေး မြို့မရဲစခန်းရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် အိမ်မှာပဲနေပြီး အပြင်မထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း(Mask)များကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ မကြာခဏလက်ဆေးရန်၊ နိုင်ငံတော်က ထုတ်ပြန်သော ထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေငြာထားသော ပြည်သူများထံပန်ကြားချက်နှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာစေရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ အေးချမ်းစွာသွားလာနိုင်စေရေးတို့အတွက် အသိပညာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်(မင်းဘူး)


