ကြို့ပင်ကောက် ၂၄ ဧပြီ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်အတွင်း ဒေသခံများ၏ ကျန်းမာရေးကိစ္စများကို ကူညီဆောင်ရွက်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကြို့ပင်ကောက်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက “ကျွန်တော်တို့မြို့မှာ ဧပြီလ ၁၈ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ ရက်ပေါင်း(၆၀)ကို ည ၁၀ နာရီမှ မနက် ၄ နာရီအချိန်အထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။ လုံခြုံရေးအပိုင်းမှာဆိုရင် ဌာနဆိုင်ရာတွေပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့ပြီးညစဉ် ၁၀ နာရီနောက်ပိုင်းမှာ တာဝန်ယူဆောင်ရွက်နေပါတယ် အရေးပေါ်ကိစ္စတွေရှိတဲ့ လျှပ်စစ်ဌာန ဆက်သွယ်ရေးဌာနတွေကို သီးခြားခွင့်ပြုထားတာရှိပါတယ်။ ပြည်သူတွေရဲ့ကျန်းမာရေး ကိစ္စအရေးပေါ် ဖြစ်လာရင် ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးနိုင်ဖို့အတွက် မြို့ပေါ်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ ရွာတွေမှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ ချိတ်ဆက်ပြီး အရေးပေါ်ကားတွေ အဆင်သင့်ဖြစ်အောင် စနစ်တကျ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟုပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


