ဆီဆိုင် ၂၄ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် ဧပြီ ၂၄ ရက် နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဇင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးဗျားရယ်၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က မြို့အဝင်ပေါက်တွင် ဝင်/ထွက် သွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ရပ်တန့်စေပြီး လက်ဆေးဆပ်ပြာရည်ဖြင့် လက်ကိုသန့်စင်အောင်ဆေးကြောပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များတိုင်းတာ စစ်ဆေးပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား မှတ်တမ်းကောက်ယူခြင်း၊ နှာခေါင်းစည်းမပါလာသောသူများအား နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


