ကောလင်း     ၂၄     ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သီတဂူသာသနာပြုအဖွဲ့တို့မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ တို့ကို စံတော်သာဘိုးဘွားရိပ်သာ ရှိ အဘိုး အဘွားတို့ကို ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ပြုလုပ်ခဲ့သည်။

 

ပေးအပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းနှင့်ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သီတဂူသာသနာပြုအဖွဲ့တို့မှ ထောက်ပံ့လှူဒါန်းသော အခြေခံစားသောက်ကုန် (၅)မျိုးကို ပေးအပ်လှူဒါန်းခဲ့ရာ စံတော်သာဘိုးဘွားရိပ်သာ တာဝန်ခံ ဦးရဲမြင့်မှ အဘိုး အဘွားများကိုယ်စား လက်ခံရယူသည်။

 

စံတော်သာဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွား (၁၅)ဦးတို့အတွက် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန် ၇ တင်းခွဲ၊ ဆီ ၁၅ ပိဿာ၊ ဆား ၁၅ ပိဿာ၊ ကြက်သွန်နီ ၁၅ ပိဿာ၊ ပဲ ၁၅ ပိဿာတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့က အဘိုး၊ အဘွားများ သောက်သုံးရန်အတွက် အချိုရည်ဘူးများ ထပ်မံလှူဒါန်းခဲ့သည်။

 

ယခုလို အခြေခံ စားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးသော တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သီတဂူသာသနာပြုအဖွဲ့တို့အား အထူး စံတော်သာဘိုးဘွားရိပ်သာ တာဝန်ခံ ဦးရဲမြင့်မှ အဘိုး၊အဘွားတို့ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)