မော်လိုက် ၂၄ ဧပြီ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါများ စတင်ဖြစ်ပွားလာသည့်ချိန်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ရောဂါများမဖြစ်ပွားစေရေးနှင့် နယ်မြေလုံခြုံအေးချမ်းရေးအတွက် မော်လိုက်မြို့နယ် ရဲတပ်ဖွဲ့မှ အဖွဲ့(၄)ဖွဲ့ဖြင့် လှည့်ကင်း၊ ဝတ်ကင်း၊ ရပ်ကင်းများဖြင့် လူဝင်၊လူထွက်များစစ်ဆေးခြင်း မင်္သကာဖွယ်ရာတွေ့ရှိလျှင် ခေါ်ယူစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက်နေ့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို အင်အားများဖြည့်တင်း၍ အရင်ကထက် ပိုမိုကြပ်မတ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် အဖွဲ့(၄)ဖွဲ့ဖြင့် လှည့်ကင်း၊ ဝတ်ကင်း၊ ရပ်ကင်းများကို ဆောင်ရွက်ရာတွင် ယာယီပျံကျဈေး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့အဝင်အထွက်များတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင်လည်း ရဲတပ်ဖွဲ့ဝင်များအား နေ့စဉ်တာဝန်ခွဲ၍ လုံခြုံရေးများ ဆောင်ရွက်ထားကြောင်း၊ မော်လိုက်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း အရေးယူဆောင်ရွက်ထားရှိမှု မရှိသေးကြောင်း၊ ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရအဖွဲ့၊ ဒေသန္တရအမိန့်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အချိန်အားလျော်စွာထုတ်ပြန်သည့် အမိန့်နှင့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် အခုလို ကြပ်မတ်ဆောင်ရွက်နေကြခြင်းသည် မိမိနိုင်ငံ၊ မိမိမြို့ အတွက် လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်းကို ပြည်သူများ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမယ်ဆိုရင် ဒီ ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို တိုက်ထုတ်သွားနိုင်မည်ဖြစ်ကြောင်း" မော်လိုက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသူ ထံမှသိရသည်။
မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများမှအပ မည်သူမှ ခွင့်ပြုချက်သော်လည်းကောင်း လုံလောက်သည့် အကြောင်းတစ်စုံတစ်ရာသော်လည်းကောင်း၊ မရှိဘဲ မိမိတို့ အသုံးပြုနေထိုင်သည့် နေအိမ်၊ ဥပစာ၏ပြင်ပသို့ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ ဖြင့်သော်လည်းကောင်း သွားလာခြင်း၊ စုဝေးခြင်း၊ တစ်စုံတစ်ရာ ပြုလုပ်ခြင်း မပြုကြရန် ဧပြီ ၁၈ နေ့က ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားကြောင်း သိရသည်။
မော်လိုက်သားလေး


