ပူတာအို ၂၄ ဧပြီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်သို့ပြန်လာသူ (၄၅)ဦး ရှိခဲ့ရာ၎င်းတို့ကို Facility Quarantine နေရာများသို့ ပို့ဆောင်ကာသတ်မှတ်နေရာ အသီးသီးတွင် အသွားအလာကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ပူတာအိုခရိုင်အတွင်းသို့ ကန်ပိုင်တီနယ်စပ်ဂိတ်မှ ပြန်လည်ပြန်ဝင်ရောက်လာသူများကို ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး ယနေ့အချိန်အထိ ပူတာအိုမြို့နယ်တွင်(၂၄)ဦး၊ မချမ်းဘော့မြို့နယ်တွင် (၁)ဦး၊ နောင်မွန်းမြို့နယ်တွင်(၄)ဦး၊ ခေါင်လန်ဖူးမြို့နယ်(၁၆)ဦး စုစုပေါင်း(၄၅)ဦး ရောက်ရှိထားပြီဖြစ်သည်။
တရုတ်မှပြန်လာသူများကို ကြိုတင်ပြင်ဆင်ထားသည့် Facility Quarantine နေရာများဖြစ်သော န.တ.လကျောင်းနှင့် အိမ်တွင်းမှုကျောင်းတွင် အသွားအလာကန့်သတ်ထားပြီး လူဦးရေးများပြားလာပါက အထက(ပူတာအို) ကျောင်းတွင်ဆက်လျက်၍ နေရာချထားပေးသွားမည်ဖြစ်ကြောင်း ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထံမှ သိရသည်။
ပူတာအိုခရိုင်တွင် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီကဦး ဆောင်မှုဖြင့်ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့်ဌာနဆိုင်ရာများက အသွားအလာကန့် သတ်စောင့်ကြည့်ထားသောသူများကိုအသိပညာပေး ဟောပြောခြင်းနှင့် အားပေးစကားပြောကြားခြင်းများ၊ ညွှန်ကြားချက်နှင့်အညီနေထိုင်ရေး၊ ကျန်းမာရေးအခြေအနေ ထူးခြားမှုရှိ/မရှိစစ်ဆေးစောင့်ကြည့်ခြင်း၊ ဒေသန္တရအမိန့်များနှင့် ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရေးအတွက် အနီးကပ်စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းညွန့်(ပူတာအို)


