ယင်းမာပင် ၂၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ သမိုင်းဝင်ဖိုလ်ဝင်တောင် ဒေသရှိ မျောက်များ လတ်တလောဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ ခရီးသွားများ အဝင်/ထွက်ခွင့် ပိတ်ထားစဉ်ကာလတွင် အစာရေစာပြတ်လပ်မှုမရှိစေရေး ယင်းမာပင်ခရိုင်စီမံခန့်ခွဲမှု ကော်မတီနှင့် ဖိုလ်ဝင်တောင်ဂေါပကအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း ခရိုင်စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။
“ရေရှည်မှာမျောက်တွေအတွက် အစာရေစာ မပြတ်လပ်စေဖို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီကလည်း ပူးပေါင်း လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်၊ အဲဒိအတွက်လည်း ကျွန်တော်တို့ ကြိုတင်စီစဉ်စရာရှိတာတွေ စီစဉ်ပေးထားပြီး ဖြစ်ပါတယ် ဖိုလ်ဝင်တောင်ဒေသမှာက မျောက်အုပ်စု(၃)စုမှာ အကောင်ရေ(၁၀ဝ၀) လောက်ရှိတယ်၊ အခုအချိန်မှာ ဖိုလ်ဝင်တောင် ဂေါပကအဖွဲ့က မျောက်တွေကို တစ်နေ့ကို ကုလားပဲ(၅)ပြည်ရေစိမ်ပြီး ကျွေးနေရတယ်၊ ခရမ်းချဉ်သီးတွေလည်း ကျွေးနေတယ်၊ အလှူရှင်တွေလည်းပါသလို ဂေါပကအဖွဲ့ရဲ့ စိုက်ထုတ်ငွေနဲ့လည်း ကျွေးနေတယ်လို့ သိရတယ်၊ မျောက်တွေရေသောက်ဖို့ အတွက်လည်း ရေကန်တွေမှာ ရေဖြည့်ပေးတာတွေလုပ်ဆောင် ပေးနေတယ်”ဟု ယင်းမာပင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောသည်။
ယခုလက်ရှိအချိန်တွင် မျောက်အစာအတွက် ကုလားပဲဆန် (၁၀)တင်း၊ ခရမ်းချဉ်သီး (၄)တောင်း၊ အလှူငွေ (၃၅၀ဝ၀ဝ)ကျပ်ကို စုဆောင်းထားရှိပြီးလည်းကောင်း၊ မျောက်များ ရေချိုး/ရေသောက်ပြုလုပ်နိုင်ရန် အတွက် ရွှေသာလျောင်း၊ ဆုတောင်းပြည့်ဘုရား၊ ဖန်ခါးတောင်အခြေရှိ ရေကန်များကို ရေဖြည့်တင်းပေးခြင်းများကို လုပ်ဆောင်ပေးထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


