စေတုတ္တရာ ၂၄ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျွဲ၊ နွားများ ပေါင်ပုတ်လက်ပုတ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွဲ၊ နွားများ ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဖိုးကျော်မင်း ဦးဆောင်ကာ စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဧပြီ ၂၀ ရက်နေ့မှစတင်၍ ကာကွယ်ဆေးများအား ကွင်းဆင်းထိုးနှံပေးခဲ့ရာ ကျောက်ပုံ၊ ခဲပျစ်၊ မုံညင်း၊ ညောင်ကုန်း၊ ဝင်လိုနှင့် ခိုနန်းကျေးရွာများရှိ ကျွဲ၊ နွားကောင်ရေ(၈၀၀)နှင့် စွယ်အင်းအုပ်စုရှိ ကျေးရွာများတွင် ကျွဲ၊ နွား ကောင်ရေ(၂၀၀)၊ စုစုပေါင်း ကျွဲ၊ နွား ကောင်ရေ (၁၀၀၀)အား ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
ကျန်ရှိနေသေးသော ကျေးရွာများသို့လည်း ကျွဲ၊ နွား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးများ ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဖိုးကျော်မင်းထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


