နေပြည်တော် ၂၄ ဧပြီ

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးဇော်ဌေးက သတင်းထောက်များ၏ COVID – 19 ကာကွယ်ရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ မေးခွန်းနှင့် စပ်လျဉ်း၍ COVID–19 ကာကွယ်ထိန်းချုပ် ကုသရေးမှာ EAO တွေနဲ့ ပူးပေါင်း ညှိနှိုင်းရေးကိစ္စ ခေါင်းစဉ်ဖြင့် ယနေ့တွင် ဖေ့စ်ဘွတ်စာမျက်နှာမှ ပြန်လည်ရှင်းလင်းဖြေကြားထားသည်ကို တွေ့ရသည်။

 

ညွှန်ကြားရေးမှူးချုပ် ဉီးဇော်ဌေးက  “COVID–19 ကာကွယ်ထိန်းချုပ်ကုသရေးမှာ လူမျိုး၊ ဘာသာ ခွဲခြားခြင်း၊ နေထိုင်ရာဒေသ ခွဲခြားခြင်း အလျဉ်းရှိဘဲ နိုင်ငံတော်၏ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ချမှတ်ထား ပါကြောင်း။

 

“EAO အခြေပြုရာဒေသတွေမှာ နေထိုင်သူတွေဟာလည်း မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါကြောင်း၊ ဟန်ချက်ညီ ဆောင်ရွက်နိုင်ဖို့အတွက် NRPC ကနေ EAO အားလုံး (NCA ထိုးပြီးသား ၁၀ဖွဲ့၊ မထိုးရသေး ၈ဖွဲ့) စုစုပေါင်း (၁၈)ဖွဲ့ဆီကို (၁၉-၃-၂၀၂၀) ရက်စွဲနဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ EAO များအနေနဲ့ ပြည်သူလူထုအတွင်း ဆောင်ရွက်ရမည့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်များမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းလမ်းညွှန်တွေ ဖြစ်ပါကြောင်း” ရေးသားဖြေကြားထားသည်။

 

ဆက်လက်၍ “အထူးဒေသ(၄) မိုင်းလားဆိုရင်လည်း တရုတ်နိုင်ငံက ပြန်လည်စေလွှတ်လိုက်တဲ့ မြန်မာနိုင်ငံသား (၃၆၀၇) ဦးကို မိုင်းလားဒေသမှာ Quarantine (၂၁)ရက်ထားရှိပြီးမှ ရှမ်းပြည်နယ်အစိုးရကတစ်ဆင့် သက်ဆိုင်ရာဒေသတွေကို ပြန်ပို့ပေးတာ ဆောင်ရွက်နေပါကြောင်း၊  လူအများကြီးအတွက် ကျွေးမွေးရာမှာ အခက်အခဲ မရှိစေဖို့အတွက် NRPC ကပဲ ဆန်အိတ်(၁၀၀၀)နဲ့ စားဆီ(၂)ပေပါ ရှမ်းပြည်နယ်အစိုးရကတစ်ဆင့် ပေးပို့ထားပါကြောင်း” ဖြေကြားထားသည်။

 

ထို့ပြင် ညွှန်ကြားရေးမှူးချုပ် ဉီးဇော်ဌေးက “ဒီကြားထဲမှာ NCA-S EAO ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော အစည်းအဝေးတွေမှာ ဒီကိစ္စကို ထည့်သွင်းပြီး ဆွေးနွေးတာတွေလည်း ရှိပါတယ်။ ဆက်လက်ပြီးလည်း NRPC အနေနဲ့ ပိုမိုပြီး ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း ရှိပါတယ် “ ဟု ဖြေကြားထားသည်။

 

သတင်းစဉ်