မန္တလေး ၂၄ ဧပြီ

 

မန္တလေးစျေးချိုတော်ကို မေ ၁၅ ရက်အထိ ထပ်တိုးယာယီပိတ်လိုက်ကြောင်း မန္တလေးစျေးချိုတော်ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။

 

မန္တလေးစျေးချိုတော်ကို မတ် ၂၉ ရက်က စတင်ယာယီပိတ်သိမ်းထားပြီး အစားအသောက်နှင့် ဆေးဝါးဆိုင်များကို အပြင်ဘက်တန်းတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

 

"မေလ ၁၅ ရက်နေ့နောက်ပိုင်း နိုင်ငံတော်တာဝန်ရှိသူတွေက ညွှန်ကြားပြီး ဖွင့်ဆိုမှဖွင့်မှာပါ။ အခုရောဂါက တိုးနေတယ်။ စျေးချိုက လူအဝင်အထွက်များတော့ ဖွင့်လိုက်ရင် စိုးရိမ်စရာအခြေအနေဖြစ်မှာပေါ့"ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်များကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ကြောင်း ဆုံးဖြတ်လိုက်သည်ဟု လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာထားသည်။

 

စျေးချိုတော်ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူတွေက ဧပြီ ၂၃ ရက်မှာ ဆွေးနွေးခဲ့ကြသော်လည်း နိုင်ငံတော်၏ ညွှန်ကြားချက်များအတိုင်းသာ လိုက်နာသွားမည်ဟု သိရသည်။

 

"စျေးချိုတာဝန်ရှိသူတွေက မနေ့ကတော့ ဧပြီ ၃၀ ရက်နေ့ပြီးလို့ အကုန်လုံးအေးပြီဆိုရင် ပြန်ဖွင့်ချင်ကြောင်း ဆွေးနွေးကြတာပေါ့။ ဒါပေမယ့် နိုင်ငံတော်ကလည်း ၁၅ ရက်ထပ်တိုးတယ်၊ မန္တလေးတိုင်းကလည်း တစ်ယောက်ထပ်တွေ့တယ်ဆိုတော့ ညွှန်ကြားချက်တွေအတိုင်း လုပ်သွားမှာပါ"ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

 

ဖြိုးအိ