မန္တလေး ၂၄ ဧပြီ
ရောဂါပိုးတွေ့ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သွားရောက်နေထိုင်ပြီး မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများကို အသွားအလာကန့် သတ်စောင့်ကြည့် (Quarantine) ၂၈ ရက်ထားရှိရန် မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဧပြီ ၂၁ ရက်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ညွှန်ကြားစာတွင် ရောဂါပိုးတွေ့ရှိသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါက တာဝန်ရှိသူများ၏ စစ်ဆေးမှုခံယူပြီး လိုအပ်မှသာ Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆောင်ရွက်ရန်၊ မိသားစုလိုက် ပြန်လည်ရောက်ရှိလာသူဖြစ်ပါက နေအိမ်အလွတ် (သို့မဟုတ်) သီးသန့်နေရာတစ်ခုခုတွင် မိသားစုလိုက် Quarantine ပြုလုပ်လိုပါက သတ်မှတ်ရက်အတိုင်း ပြုလုပ်ခွင့်ပြုရန်၊ Hotel Quarantine ပြုလုပ်လိုပါက ခွင့်ပြုပေးရန်ဖော်ပြထားသည်။
“ဆယ်အိမ်မှူးတွေအထိ ဒီစာကရောက်နေပြီဖြစ်တယ်။ သူတို့တွေကမှ ကိုယ့်ရပ်ကွက်ထဲမှာ ဒီလိုလူတွေဝင်လာတယ်ဆိုရင် သတင်းပို့တဲ့စနစ်နဲ့ သွားနေတယ်’’ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
ရောဂါပိုးတွေ့ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေထိုင်ခဲ့ပြီး မန္တလေးတိုင်းသို့ လာရောက်သူများကို Facility Quarantine ၂၁ ရက်နှင့် Home Quarantine ခုနစ်ရက်နေထိုင်ရန် ညွှန်ကြားခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ဧပြီ ၂၄ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၃ ဦးရှိပြီး ၁ ဦးမှာ ရောဂါပျောက်ကင်းကာ ဆေးရုံမှဆင်းသွားကြောင်း သိရသည်။
ဖြိုးအိ


