ဟိုင်းကြီးကျွန်း ၂၄ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်ရှိ ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်း တည်ရှိရာ သမီးလှကျွန်း(ခ)လိပ်ကျွန်း၏ ကျွန်းပတ်လည် ပင်လယ်ကမ်းခြေတစ်လျှောက် ပလတ်စတစ်အမှိုက်များကို ယနေ့ညနေပိုင်းက လိပ်ထိန်းသိမ်းရေးစခန်း တာဝန်ခံအရာရှိနှင့် ဝန်ထမ်းမိသားစုများက စုပေါင်းကောက်ယူ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
“လိပ်ကျွန်း(ခ)သမီးလှကျွန်း၏ ပတ်ဝန်းကျင်တွင်ရှိသော ကမ်းခြေဒေသများက ဒေသခံများစွန့်ပစ်လိုက်သည့် အမှိုက်များ၊ ပင်လယ်ပြင်ခရီး သွားလာကြသူများက စွန့်ပစ်လိုက်သည့် အမှိုက်များနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် ရေလုပ်သားများက စွန့်ပစ်လိုက်သော ရေလုပ်ငန်းသုံး အသုံးအဆောင်ပစ္စည်းများတွင် ပလတ်စတစ်အမှိုက်များ အများဆုံးပါဝင်နေပြီး နေ့စဉ်နှင့်အမျှ ပင်လယ်ရေနှင့်အတူ မျောပါလာကာ ကျွန်းပတ်လည် ပင်လယ်ကမ်းခြေတစ်လျှောက် တင်ကျန်နေခဲ့ကြောင်း၊ ယင်းပလတ်စတစ်အမှိုက်များက ပင်လယ်ပြင်မှ ကျွန်းပေါ်သို့ တက်ရောက်ဉချနေသော လိပ်မကြီးများ၏ ဉချမှုလုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေသည့်အပြင် ပင်လယ်ပြင် ရေထုညစ်ညမ်းမှုကိုပါ ဖြစ်စေသည့်အတွက် ကျွန်းပေါ်နေ ဝန်ထမ်းမိသားစုများနှင့် စုပေါင်းကောက်ယူကာ သတ်မှတ်နေရာတစ်ခု၌ ပြန်လည်စွန့်ပစ်သည့် လုပ်ငန်းတစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” လိပ်စခန်းတာဝန်ခံအရာရှိ ဦးဖုန်းမော်က ပြောသည်။
သမီးလှကျွန်းသည် ၂၀၇ ဧက ကျယ်ဝန်းပြီး အမြဲစိမ်းတောနှင့် ရွက်ပြတ်တောတို့ ရောနှောပေါက်ရောက်သည့် ကျွန်းတစ်ကျွန်းဖြစ်ကြောင်း၊ ကျွန်းပတ်လည် ပင်လယ်ကမ်းခြေမှာ တစ်မိုင်ပတ်လည်ခန့်ရှိကြောင်း သိရှိရသည်။ ဟိုင်းကြီးကျွန်းဒေသရှိ ပင်လယ်လိပ်များ တက်ရောက်ဉချမှု အများဆုံးနေရာတစ်ခုဖြစ်ပြီး လွန်ခဲ့သောငါးနှစ်ခန့်က တစ်နှစ်ပျမ်းမျှ ဉကျင်း(၁၀၀)ကျော်ဉချခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဉကျင်း (၈၀) ခန့်သာ တက်ရောက်ဉချတော့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် လိမ်မကြီးများ ကျွန်းပေါ်သို့ တက်ရောက်ဉချမှု ကျဆင်းလာနေကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


