ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ စားသောက်ကုန်တမျိုးဖြစ်ပါတယ်။ လူကို တက်ကြွ လန်းဆန်းစေရုံမက တခြားအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်စေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း၊ နှလုံးရောဂါနှင့် အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

 

လူတချို့မှာတော့ ကော်ဖီဟာ အစာအိမ်အူလမ်းကြောင်းအပေါ် သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ကော်ဖီဟာ အစာအိမ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ ဆိုတာပါပဲ။

 

အစာအိမ် ထိခိုက်စေသော ပစ္စည်းများ ကော်ဖီမှာ အစာအိမ်ထိခိုက်စေတဲ့ ပစ္စည်းမျိုးစုံပါဝင်ပါတယ်။

 

ကဖိန်း

 

ကဖိန်းဟာ အာရုံကြောကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေပါတယ်။ ကော်ဖီ ၂၄၀ မီလီလီတာမှာဆိုရင် ကဖိန်းဓာတ် ၉၅ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဟာ စိတ်ပိုင်းဆိုင်ရာကို နိုးကြား တက်ကြွ စေတယ်လိုပေမယ့် အူလမ်းကြောင်း ကျုံ့ခြင်းဆန့်ခြင်းဖြစ်ပေါ်မှုကို အကြိမ်ရေ ပိုစိတ်လာ စေပါတယ်။ သုတေသနတခုအရ ကဖိန်းအပြည့် ပါဝင်တဲ့ ကော်ဖိများဟာ ကဖိန်းထုတ်ထားတဲ့ ကော်ဖီ ထက်စာရင် အူမကြီးကို ၂၃ ရာခိုင်နှုန်း ပိုမိုလှုပ်ရှားစေပါတယ်။ဒါ့အပြင် ရိုးရိုးရေသောက်ထာထက်စာရင် ကော်ဖီဟာ အူလမ်းကြောင်းကို ၆၀ ရာခိုင်နှုန်း ပိုမိုလှုပ်ရှားစေပါတယ်။ ဒါဟာ ကော်ဖီကနေ အစာအိမ်အူလမ်းကြောင်းကို လှုံ့ဆော်ပေးလို့ ဖြစ်ပါတယ်။

 

သုတေသနအချို့မှာတော့ ကဖိန်းဟာ အစာအိမ်ထဲက အစာခြေရည်တွေကို ပိုထွက်လာအောင် လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။

 

ကော်ဖီတွင် ပါဝင်သော အက်ဆစ်များ

 

အစာအိမ်အပေါ် သက်ရောက်မှု အတွက် ကဖိန်းက အဓိကကျသလိုပဲ ကော်ဖီ အက်ဆစ်ဟာလည်း အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။

 

ကော်ဖီမှာ chlorogenic acid နဲ့ N-alkanoyl-5-hydroxytryptamide အပါအဝင် အက်ဆစ်ဓာတ်တွေ ပါဝင်ပြီး အစာခြေရည်ထုတ်လုပ်မှုကို မြင့်မားလာစေပါတယ်။ ဒါကြောင့် လူတချို့ဟာ ကော်ဖီကြောင့် အစာမကြေရင်ပူခြင်းကို ပိုဆိုးစေတယ်လို့ ဆိုကြပါတယ်။

 

အခြားပါဝင်ပစ္စည်းများ

 

တခါတရံမှာ ကော်ဖီကြောင့်ပဲ ဗိုက်အောင့်တာ မဟုတ်ပါဘူး။ ကော်ဖီမှာပါဝင်တဲ့ တခြားပစ္စည်းတွေ ဖြစ်တဲ့ နို့၊ ခရင်မ်၊ သကြား စတာတွေလည်း ပါဝင်ပြီး အဆိုပါပစ္စည်းများကြောင့်လည်း အစာအိမ် အူလမ်းကြောင်း အောင့်တာမျိုး ဖြစ်တတ်ပါတယ်။

 

ဥပမာ နွားနို့မှာပါဝင်တဲ့ လက်တို့စ်လို့ခေါ်တဲ့ သကြားဓာတ်ကို မချေဖျက်နိုင်ရင် လေပွခြင်း၊ လေထိုး လေအောင့်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းများစားပြီး သိပ်မကြာခင်မှာ ဖြစ်တတ်ပါတယ်။

 

ကဖိန်းမပါတဲ့ ကော်ဖီပြောင်းသောက်ရင် ဗိုက်အောင့်တာ သက်သာနိုင်လား

 

တခါတရံမှာ ကဖိန်းထုတ်ထားတဲ့ decaf ကော်ဖီသောက်ခြင်းဟာ ဗိုက်အောင့်တာကို သက်သာ စေပါတယ်။ ကဖိန်းကြောင့် အဓိကအောင့်တာမျိုးဆိုရင် သက်သာစေပါတယ်။

 

ဒါပေမယ့် ကဖိန်းထုတ်ထားတဲ့ ကော်ဖီမှာ ကော်ဖီအက်ဆစ်တွေ ရှိနေသေးတာကြောင့် အစာချေ ရည်များကို ပိုထွက်စေပြီး အစာအိမ်အူလမ်းကြောင်းကို ပိုမိုလှုပ်ရှားစေပါတယ်။ ဒါ့အပြင် တခြားပါဝင်ပစ္စည်းတွေနဲ့ မတည့်လို့ အူလမ်းကြောင်းမအီမသာဖြစ်တာမျိုး ရှိနိုင်ပါသေးတယ်။

 

ဗိုက်မအောင့်အောင် ဘာလုပ်သင့်လဲ

 

ကော်ဖီ သောက်ရာမှာ နည်းနည်းချင်းစီကို တစွပ်စွပ်သောက်ပေးခြင်းဟာ အစာအိမ်ထိခိုက်မှု သက်သာ စေပါတယ်။ ဒါ့အပြင် အစာအိမ်ထဲမှာ အစာလုံးဝမရှိချိန် ကော်ဖီသောက်ပေးခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။ ကော်ဖီဟာ အက်ဆစ်ဓာတ်ကဲတာမို့ အစားတခုခုစားချိန်မှာ သောက်သုံးရင် အစာကိုပိုကြေစေတဲ့အပြင် ကော်ဖီရဲ့ အက်ဆစ်ဓာတ်ကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။

 

တကယ်လို့ လက်တို့စ်မတည့်သူဆိုရင် နွားနို့အစား အပင်ကနေ ထုတ်ယူထားတဲ့နို့ (ဥပမာ ပဲပိစပ်နို့) ကို ပြောင်းလဲသုံးစွဲနိုင်ပါတယ်။

 

ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”