ခြေဖနောင့် ကွဲတာဟာ အတွေ့ရများတဲ့ ပြဿနာတစ်မျိုးပါ။ အရွယ်ရောက်ပြီးသားသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်က ဖနောင့်ကွဲတတ်ကြပါတယ်။ ၅ယောက် ၁ယောက်နှုန်းပေါ့။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်တတ်ပါတယ်။ တော်တော်များများ အတွက်ကတော့ ဖနောင့်ကွဲတာက ရေးကြီးခွင်ကျယ်လုပ်ရလောက်တဲ့ ပြဿနာ မဟုတ်ပါဘူး။ တချို့တွေမှာတော့ ဖနောင့်ကွဲတာ နက်လွန်းရင် နာတာ၊ လမ်းလျှောက်ရ အဆင်မပြေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဖနောင့်ကွဲတာ သက်သာအောင် အိမ်မှာတင် လုပ်နိုင်တဲ့ နည်းလေးတွေ၊ မဖြစ်အောင် ကာကွယ်တဲ့ နည်းလေးတွေကို ပြောပြပေးပါ့မယ်။

 

ဘာကြောင့် ခြေဖနောင့် ကွဲရတာလဲ

 

ခြေဖနောင့် မကွဲခင် ဖနောင့်သားက အရင်ဆုံး ခြောက်သွေ့လာပါတယ်။ ပြီးတော့ အသားမာတွေ တက်လာပါတယ်။ လမ်းလျှောက်တဲ့အခါ တစ်ကိုယ်လုံးက ဝိတ်က ဖနောင့်ပေါ်မှာ ရှိနေတာဆိုတော့ ဖနောင့်ကွဲလာတော့တာပေါ့။ ဖြစ်ရတဲ့ အကြောင်းတွေကတော့

 

          မတ်တပ်အကြာကြီး ရပ်တာ

          ဖိနပ်မပါဘဲ လမ်းလျှောက်တာ

          ရေနွေးနဲ့ အချိန်အကြာကြီး ရေချိုးတာ

          ကိုယ်က သဘာဝအဆီတွေ ပျက်စီးနိုင်တဲ့ ဆပ်ပြာ အပြင်းစားတွေ သုံးတာ

          ဖိနပ်ကြပ်ကြပ်တွေ စီးတာ

          ရာသီဥတု အေးလို့ ဖြစ်ဖြစ်၊ စိုထိုင်းဆ နည်းလို့ ဖြစ်ဖြစ် အသားအရည်တွေ ခြောက်သွေ့တာ

 

ရှားရှားပါးပါး ရောဂါကြောင့်လည်း  ခြေဖနောင့် ကွဲတတ်ပါသေးတယ်။ ဥပမာ ပြောရရင် ဆီးချိုရှိတဲ့ သူတွေမှာ သွေးတွင်းသကြားဓာတ်များတာရော၊ သွေးလည်ပတ်မှု မကောင်းတာရောကြောင့် အရေပြား ခြောက်သွေ့တတ်ပါတယ်။ ဒီကြားထဲ အာရုံကြောကလည်း ထိလိုက်သေးတော့ အရေပြားခြောက်တာ၊ ကွဲတာ၊ နာတာတွေကိုပါ မသိတော့ပါဘူး။ ဖနောင့်ကွဲစေတဲ့ တခြား အကြောင်းတွေကတော့

 

          ဗီတာမင်ချို့တဲ့တာ

          မှိုစွဲတာ

          သိုင်းရွိုက်ဟော်မုန်း နည်းနေတာ

          အရေပြား ဓာတ်မတည့်တာ

          ဆိုရီယေးစစ် အရေပြားရောဂါ

          အဝလွန်တာ

          ကိုယ်ဝန်ဆောင်နေတာ

          အသက်ကြီးလာတာ စတာတွေပဲ ဖြစ်ပါတယ်။

 

ခြေဖနောင့်ကွဲတာ အပြင် တခြားဘာလက္ခဏာတွေ ခံစားရမှာလဲ

 

          အရေပြား အဖတ်လန်တာ

          ယားတာ

          ကွဲတာ နက်သွားရင် နာတာ

          သွေးထွက်တာ

          နီရဲရောင်ရမ်းတာ

          အနာဖြစ်တာ

 

ဒီထက်ပိုဆိုးလာရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာပါ။ အထူးသဖြင့် ရောဂါတစ်ခုခုနဲ့ ဆက်စပ်နေရင်ပေါ့။ နောက်ဆက်တွဲတွေကတော့

 

          ခြေဖနောင့်က ထိလို့ ထိမှန်း မသိတာ

          ပိုးဝင်တာ

          ဆီးချို အနာဖြစ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

 

ပိုးဝင်လာပြီဆိုရင် နာတာ၊ ပူတာ၊ ရောင်တာ၊ နီရဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

 

ခြေဖနောင့်ကွဲတာကို အိမ်မှာတင် ကုကြမယ်

 

သာမန် ဖနောင့်ကွဲတာကတော့ အိမ်မှာတင် အလွယ်လေး ကုလို့ရပါတယ်။ နည်းလမ်းတွေကတော့

 

          ခြေဖနောင့် လိမ်းဆေးဆီ (heel balm)

 

ခြေဖနောင့်ကွဲတာအတွက် အကောင်းဆုံးဆေးနည်းပါပဲ။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ သူ့မှာ ပါတဲ့ ပစ္စည်းတွေက ဖနောင့်ကို စိုစွတ် ချောမွတ်စေပြီး အသားမာတွေကို ဖယ်ရှားပေးပါတယ်။ ဝယ်မယ်ဆိုရင် urea၊ salicylic acid၊ alpha-hydroxy acids၊ saccharide isomerate ပါတာတွေကို ရွေးဝယ်ပါ။ မနက်စောစော အရေပြား ပျော့ပျောင်း နေချိန်မှာ လိမ်းတာက ဆေးကို စုပ်ယူမှု ပိုကောင်းစေပါတယ်။ စစလိမ်းချင်းမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်တာ သဘာဝပါ။ ပိုဆိုးလာရင်တော့ ဆက်မသုံးပါနဲ့။

 

          ချေးတွန်းပါ။

 

-ခြေထောက်ကို ဆပ်ပြာရည် နွေးနွေးလေးထဲမှာ မိနစ် ၂၀ခန့် စိမ်ပါ။

-ပြီးရင် ချေးတွန်းကျောက်နဲ့ အသားမာတွေကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းတိုက်ပေးပါ။

-ရေခြောက်အောင်သုတ်ပါ။

-အစိုဓာတ်ထိန်းဖို့ heel balm ဖြစ်ဖြစ် moisturizer ဖြစ်ဖြစ် လိမ်းပေးပါ။

-အစိုဓာတ်ကို ကြာကြာထိန်းနိုင်ဖို့ အပေါ်ကနေ vaseline jellyထပ်လိမ်းပါ။ ပြီးရင် ခြေအိတ်စွပ်ထားပါ။

သတိထားရမှာက ခြောက်သွေ့နေတဲ့ ခြေထောက်ကို ချေးတွန်းကျောက်နဲ့ မတိုက်ပါနဲ့။ ဒါက သင့်ခြေထောက်ကို ပိုပြီး ပျက်စီးစေပါတယ်။

 

          ပျားရည်

 

ပျားရည်က ဖနောင့်ကွဲတာကို ကုသဖို့ သဘာဝဆေးနည်းပါပဲ။ သူ့မှာ ပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ လေ့လာချက်တွေအရ ပျားရည်က အနာတွေကို သန့်စေတယ်။ အကျက်မြန်စေတယ်။ အရေပြားကို အစိုဓာတ်ထိန်းပေးတယ်။ ဒါကြောင့် ခြေထောက် ချေးတွန်းပြီးတဲ့အခါ အစိုဓာတ်ထိန်းတဲ့ အနေနဲ့ သုံးပေးနိုင်ပါတယ်။

 

          အုန်းဆီ

အုန်းဆီက အရေပြားခြောက်သွေ့တာအတွက် ဆေးစွမ်းကောင်းပါပဲ။ ဒါ့ပြင် အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ချေးတွန်းထားတဲ့ ခြေထောက်ကို အစိုဓာတ်ထိန်းပေးဖို့ သုံးနိုင်တဲ့ အကောင်းဆုံး ပစ္စည်းပဲ ဖြစ်ပါတယ်။

 

          အခြား ပစ္စည်းများ

 

အရေပြားကို စိုစွတ်စေပြီး အသားမာတွေကို ပျော့ပျောင်းစေတဲ့ တခြား ပစ္စည်းတွေကတော့

 

-ရှာလကာရည်

-သံလွင်ဆီ

-shea butter

-ချေထားတဲ့ ငှက်ပျောသီး စတာတွေပဲ ဖြစ်ပါတယ်။

ခြေဖနောင့်ကွဲတာကို ဘယ်လိုကာကွယ်ကြမလဲ။

          မတ်တပ်အကြာကြီး ရပ်တာကို ရှောင်ပါ။

          သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်ကို စီးပါ။

          ခြေထောက်ကို အစိုဓာတ်ထိန်းပါ။

          ခြေထောက်ကို နေ့စဉ်စစ်ဆေးပါ။ (အထူးသဖြင့် ဆီးချိုရှိပြီး ထိလို့ ထိမှန်း မသိတဲ့ သူတွေက ပိုဂရုစိုက်ရပါမယ်။)

          အဝလွန်တဲ့ သူတွေ အလေးချိန်ခံနိုင်အောင် ဖိနပ်မှာ ကူရှင်ခံစီးပါ။

          ရေများများသောက်ပါ။

          ချေးတွန်းကျောက်နဲ့ မကြာမကြာ အသားမာ ဖယ်ပါ။ ဆီးချိုရှိတဲ့ သူတွေကတော့ အသားမာတိုက်ရင်း ဒဏ်ရာမရအောင် ဂရုစိုက်ပါ။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”