ဆီဆိုင် ၂၅ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးရွာ ၁၆ ရွာ လယ်ယာမြေဧက ၁၀ဝ၀ အကျိုးပြုသည့် ပင်စုံကျေးရွာအုပ်စု၊ ထီမန့်ကျေးရွာ ကုန်ထုတ်လမ်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာ ၁၆ ရွာအကျိုးပြုသည့် ကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၃၄၁၆၀ဝ၀ဝ)ဖြင့် အရှည် ၂ မိုင် ၂ ဖာလုံ၊ အကျယ် ၁၂ ပေဖြစ်ပြီး တင်ဒါအောင်မြင်သည့် လင်းဖြူအောင်ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သဲဗြုန်းလမ်း အမျိုးအစားဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ကို ဈေးကွက်အတွင်းသို့ လွယ်ကူလျန်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူ များ၏ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ရည်ရွယ် ဖောက်လုပ်ခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


