ဖားကန့် ၂၅  ဧပြီ       

    

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာ၌  ရတနာလင်း ကျောက်မျက်ကုမ္ပဏီ (ဒေသအခေါ် နေမင်းကမ္ဘာ ကျောက်မျက်ကုမ္ပဏီ)မှ ရွာနှင့်ကပ် လျက် ကျောက်စိမ်းတူးဖော်မှုကြောင့် ဧပြီ ၂၃ ရက်နေ့က နေအိမ်အချို့တွင် မြေသားအက်ကြောင်း များဖြစ်ပေါ်ခဲ့ပြီး မြေပြိုမည့်အန္တရာယ်ရှိနေသည့် နေအိမ်များမှ မိသားစုများအား နီးစပ်ရာ ဆွေမျိုးများအိမ်နှင့် ကျေးရွာဘုန်းကြီးကျောင်းတို့တွင် ပြောင့်ရွှေ့နေရာချပေးခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

           

ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် ဦးဆောင်သည့် မြို့နယ်သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးကော်မတီ အဖွဲ့ဝင်များက အနီးကပ်ဆုံး အန္တရာယ်ရှိ နိုင်သည့် အိမ်ထောင်စုလေးခုမှ မိသားစုဝင်များအား ပြောင်းရွှေ့နိုင်ရန်စီစဉ်ပေးခြင်း၊ မြေပြိုကျလျှင်ပါသွားနိုင်သည့် လျှပ်စစ်ဓါတ်တိုင် ၁၄ တိုင်နှင့် မီးကြိုးများအား နေရာပြောင်းရွှေ့ စိုက်ထူသွယ်တန်းစေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

           

နေရာပြောင်းရွှေ့ရသည့် အိမ်ထောင်စုများ၏ အခက်အခဲများနှင့် ကျေးရွာ၏ လိုအပ်ချက်များအား အဆိုပါ ရတနာလင်းကျောက်မျက်ကုမ္ပဏီမှ ညှိနှိုင်းဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

"ကုမ္ပဏီက တာဝန်ခံကို ကျွန်တော်တို့ခေါ်တွေ့ပြီးပါပြီ၊ သူက ကျေးရွာနဲ့ အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်၊ နောက်ကို မြေစာထပ်မပြိုအောင်လည်း အဲ့ဒီနေရာကို အောက်ကနေမြေပြန်ဖို့သွားမယ်၊ အဲ့ဒီနေရာကိုလည်း ဆက်မတူးတော့ဘူး၊ အဲ့လို ပြောပါတယ်"ဟု ဖားကန့်/လုံးခင်း ကျောက်စိမ်းရုံးမှ လုပ်ငန်းကြီးကြပ် အရာရှိ ဦးအောင်ကျော်ထွန်းက ပြောသည်။

 

ဆိုင်းရာရွာသစ်ကျေးရွာ၌ ဧပြီ ၂၃ ရက်နေ့က ကျေးရွာမြေသားလမ်း အရှည် ၇၀ ပေခန့်၊ အကျယ် ၅ ပေခန့် ကုမ္ပဏီအတွင်း ပြိုကျခဲ့ပြီး နေအိမ်အချို့တွင် မြေသားအက်ကွဲ ကြောင်းများပေါ်လာခဲ့ကာ ဧပြီ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း  ကျေးရွာမြေသားလမ်း အရှည် ၁၀၀ ပေခန့်၊ အကျယ် ၂၀ ပေခန့် ထပ်မံပြိုကျခဲ့သေးကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)