သုဝဏ္ဏဝတီ ၂၅ ဧပြီ
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ယခင်နှစ်အချိန်ထက် စောစွာ ရေရှားပါးလာမှုကြောင့် မတ်လ ပထမပတ်မှ စတင်၍ သုဝဏ္ဏဝတီမြို့ရှိ လူမူကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ရေလိုအပ်နေ သည့်နေရာများသို့ သောက်သုံးရေများကို လှည့်လယ်၍ အခမဲ့ရေလှူဒါန်းပေးနေရကြောင်း သိရသည်။
ပင်လယ်နားနီး အောက်ကွင်းကျေးရွာအုပ်စုများဖြစ်သော ထိန်ပင်၊တောကြီး၊ ဆိပ်ကျွန်း၊ မရမ်းကုန်း၊ ကတိုက်ကြီး၊ ကတိုက်လေး၊ ဓနူကတိုက်ကျေးရွာများအပြင် သိမ်ဆိပ်-ပိန္နဲတော-လေးကေ (မြို့နယ်ခြင်း ဆက်လမ်း)ပေါ်ရှိ ဝီယော်၊ ထုံးဘိုကြီး၊ထုံးဘိုလေး၊ဝမ်းဘဲအင်း၊လေးကေ စသောကျေးရွာများနှင့် မြို့အနီး ပတ်ဝန်းကျင်ရှိ နောင်ဘို၊ ဇရစ်ချောင်ကျေးရွာများသို့ စေတနာရှင်ပြည်သူများ၊လူမူရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ၎င်းတို့၏ အစီအစဉ်များဖြင့် ရေရှားပါသော ကျေးလက်တောရွာများအရောက် ရေသယ်ယာဉ် များဖြစ် အခမဲ့လိုက်လံ လှူဒါန်းပေးနေကြောင်း သိရသည်။
“ ဒီနူစ်က အရင်နှစ်တွေထက် ရေတွင်းရေတွေ နည်းလာတာ အချိန်စောတယ်၊ သင်္ကနြ်ကျပြီး တစ်လခွဲ လောက်မှ မိုးကျတာဆိုတော့ မိုးမကျခင် တစ်လလောက်တော့ ရေရှားတဲ့ဒဏ်ကို ခံရမယ် ”ဟု ဝင်းပ ကျေးရွာမှ အသက် ၈၀ ကျော် ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။
“ ကျွန်တော်နဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး သင်္ကနြ်မတိုင်မီကထဲက ကားတစ်စီးနဲ့ ရေလိုက်လှူပေး နေတာပါ၊ ကားတစ်စီးကို ရေလီတာ ၄၀ဝ၀ ပါတယ်၊ အချိန်ရရင် ရသလောက် တစ်နေ့ကို ငါးခေါက်က နေ အများဆုံး ခုနှစ်ခေါက်လောက်အထိ နေ့စဉ်ရေလိုအပ်တဲ့ကျေးရွာတွေက ဆက်သွယ် အကူအညီတောင်းလာလို့ ရွာအရောက် ကူညီပေးနေတာပါ၊ ဒီနေ့ နောင်ဘိုကျေးရွာကို သွားရောက် လှူဒါန်းပေးမှာပါ၊ ရေပြဿနာကို ပြေလည်လာတဲ့အချိန်အထိ လှူဒါန်းပေးမှာပါ ” ဟု ကျိုက္ကော် ရပ်ကွက်မှ ရေအလှူရှင်တစ်ဦးဖြစ်သူ ကိုကျော်ဝေ (အကောင်းကြိုက် မိသားစု)က ပြောသည် ။
ယခုနူစ်နွေရာသီ ရေရှားပါးမူသည် ယခင်နှစ်များထက် အချိန်စောကာ ကျေးရွာများအတွင်းရှိ ရေတွင်း များ ခန်းခြောက်လာမူကြောင့် သုဝဏ္ဏဝတီမြို့အတွင်းရှိ စက်ရေတွင်းများမှ စေတနာရှင် ပြည်သူများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ချိတ်ဆက်၍ ရေလိုအပ်နေသော ကျေးရွာများ အရောက် လိုက်လံလှူဒါန်းပေးနေကြောင်း သိရသည့်အပြင် ယခုနှစ်သည် ယခင်နှစ်များထက် ရေရှားပါးမူကို ပိုမိုခံစားရနိုင်ဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရသည် ။
ခွန်(ဝင်းပ)


