မုံရွာ ၂၅ ဧပြီ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပစ္စည်းလက်ခံရေးနှင့် ဖြန့်ဝေရေးဌာနသို့ ယနေ့နံနက်ပိုင်းက နမ်စီပွန် ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီမှ Mask အခု(၁၀၀၀၀)နှင့် ဦးအောင်စိုး (ရိုးမ-အလူမီနီယံနှင့် စတီးလုပ်ငန်း) မှ ကိုဗစ်-၁၉ရောဂါ သံသယလူနာများကို ကိုင်တွယ်စမ်းသပ်ရာတွင် အသုံးပြုနိုင်သည့် Test Booth တစ်ခုကို လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

           

“ တစ်နိုင်ငံလုံး ခံစားနေရတဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေသလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လုပ်ဆောင်နေတယ်၊ အဲဒိလို ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းလုပ်ဆောင်နေချိန်မှာ တစ်တပ်တစ်အားနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီခြင်းဖြစ်ပါတယ်၊ အရင်တုန်းကတော့ အခုလို လှူဒါန်းတာမရှိဘူး ကျန်းမာရေးစစ်ဆေးတဲ့ ဂိတ်တွေမှာတော့လှူဖူးတယ်၊ မုံရွာမြို့နယ်ကိုလည်း လှူဖူးတယ်၊ သက်ဆိုင်ရာဌာနတွေကိုလည်း လှူဖူးတယ်၊ တိုင်းတစ်တိုင်းလုံးအတွက် လိုအပ်နေတာဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအဆင့်ကို ပထမဆုံးအကြိမ် လှူဒါန်းတာဖြစ်ပါတယ် ” ဟု မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ တိုးချဲ့ရေနံချက်ဖို လုပ်ငန်းရှင်များအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

           

အလားတူ ဧပြီလ(၂၄)ရက်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့နယ် ကျောက္ကာမြောက်ရွာ တိုးချဲ့ရေနံချက်ဖို လုပ်ငန်းရှင်များအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ငွေကျပ်သိန်း(၃၅၀) တန်ဘိုးရှိ Mask အခုရေ (၂၈၀၀၀၀)ကိုလည်း လာရောက်လှူဒါန်းခဲ့ကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပစ္စည်းလက်ခံရေးနှင့် ဖြန့်ဝေရေးဌာနကို မုံရွာမြို့၊ မြို့တော်ခန်းမတွင် စတင်ဖွင့်လှစ်ချိန်မှ ဧပြီလ (၂၅)ရက်နေ့အထိ တစ်ဦးချင်း၊ အသင်းအဖွဲ့နှင့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှ ဆန်အိတ်၊ ကြာဇံအထုတ် Mask (၃၉၅၀၉၀)ခု၊ အပူချိန်တိုင်း သာမိုမီတာ ၊ ပိုးသန့်ဆေးရည် ၊ ဆေးရုံသုံးလက်အိတ် ၊ ပိုးသတ်ဆေးရည် ၊ PPE ကာကွယ်ရေးဝတ်စုံ ၊  မျက်နှာကာ(Face Shield)၊ စားသုံးဆီ ၊ ငုံးဥ ၊ PPE ကာကွယ်ရေး မျက်မှန် ၊ အချိုရည်ဗူး၊ အသက်ရှုထောက်စက်များနှင့် Test Booth တစ်ခုကို လက်ခံရရှိထားကြောင်း သိရသည်။

                                                                                                                       

ဝင်းဦး(ဇေယျာတိုင်း)